
မွန်ပြည်နယ် မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်းမှာ ကျင်းပနေတဲ့ မုဒုံမြို့နယ် အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲမှာ ကစားသမားတယောက် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတယ်လို့ အသင်းဆီက သိရပါတယ်။
စက်တင်ဘာ ၂၂ ရက် မနေ့ညနေပိုင်းမှာ ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် Lion City (မလမ) နဲ့ တောင်ပေါ်သား (မုဒုံ) အသင်းတို့ ယှဥ်ပြိုင်ကစားချိန် ပွဲချိန်မိနစ် ၉၀ ပြည့်ပြီး အချိန်ပို ၆ မိနစ်နဲ့ စက္ကန့် ၃၀ အချိန်မှာ ကွင်းအတွင်း မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့တာပါ။
ဒေသခံတယောက်က “မိုးကြိုးပစ်တော့ အားလုံးမှောက်နေကြတာပေါ့။ ပြန်ထလာတော့ Lion City က ကစားသမားတယောက် ပြန်ထမလာတော့ ကြက်ခြေနီအသင်းက သွားကူသေးတယ်။ ဆုံးသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူဟာ Lion City (မော်လမြိုင်) အသင်းက ရှေတန်းကစားသမား ကိုသန်းတိုးအောင် (ခ) Sa Sa ဖြစ်ပြီး ကြက်ခြေနီအသင်းက နှလုံးနှိုးဆွခဲ့လို့ အသိပြန်ဝင်လာပေမဲ့ ပြန်လည်ငြိမ်ကျသွားလို့ မြို့နယ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ကြရပါတယ်။
မြို့နယ်ဆေးရုံကို ရောက်ပြီး အောက်ဆီဂျင်ပေး နှလုံးနှိုးဆွခဲ့ပေမဲ့ သတိပြန်လည်လာခြင်းမရှိဘဲ အသက်ဆုံးရှုံးသွားခဲ့တာပါ။
သေဆုံးသူဟာ အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး မော်လမြိုင်မြို့ စံပြအေးရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပါတယ်။











