
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့မှာ တောဆင်ရိုင်းတိုက်ခိုက်ခံရပြီး မိသားစုဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၅ ရက် ညပိုင်းက ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကွင်း ကျေးရွာက မိသားစုဝင် ၄ ယောက်နေတဲ့အိမ်ကို ဆင်ရိုင်းက ဝင်ရောက်တိုက်ခိုက်တာကြောင့် ဖခင်ဖြစ်သူ၊ မိခင်ဖြစ်သူနဲ့ ကလေးငယ်တယောက်သေဆုံးခဲ့ပြီး နောက်ထပ်ကလေးငယ် တယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ဆိုပါတယ်။
ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတယောက်က “ဆင်ရိုင်းတိုက်ခိုက်ခံရပြီး အိမ်က လုံးဝ ပျက်စီးသွားတာ။ အိမ်ထဲမှာရှိနေတဲ့ မိသားစုဝင်တွေထဲက တယောက်ပဲ အသက်ဘေးက လွတ်တယ်။ မိသားစုဝင်တွေထဲက ၃ ယောက်က တခါတည်းပွဲချင်းပြီး သေဆုံးသွားတာ။ မိသားစုဝင်တွေ အိပ်နေတုန်း ဆင်ရိုင်းက ဝင်တိုက်ခိုက်တာ” လို့ပြောပါတယ်။
ဆင်းရိုင်းတိုက်ခိုက်ခံရတာကြောင့် မိသားစုဝင်တွေထဲက အသက် ၃ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်ဟာ လက်တွေ၊ ကျောတွေနဲ့ ရင်ဘတ်မှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး အသက်ရှင် ကျန်ခဲ့တယ်လို့သိရပါတယ်။
သေဆုံးသွားသူနဲ့ ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်ကို ဒေသခံတွေက ကူညီကယ်ဆယ်ရေး လုပ်ငန်း တွေ လုပ်ဆောင်ပေးထားပြီး ဒဏ်ရာရရှိတဲ့ကလေးငယ် ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လဆန်းပိုင်းကလည်း သာပေါင်းမြို့နယ်ထဲမှာ တောဆင် ဝင်ရောက်ပြီး နေအိမ်နဲ့ သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးခဲ့ပါသေးတယ်။











