
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ တရုံကျေးရွာအုပ်စု၊ ဒိုက်ဖားရွာ အထက်ဘက်မှာ အောက်တိုဘာ ၂၃ ရက်က ဆင်ရိုင်းတကောင် မုန်ယိုပြီး လူ ၅ ယောက်ကို နင်းသတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ဒိုက်ဖားအထက် တဝမ်ချောင်းဘက် ဆင်ရိုင်းတကောင် လူ ၄ ဦးကို သတ်ဖြတ်လိုက်တယ်” လို့ ပြောပါတယ်။
အဲဒီဆင်က လူတွေကို သတ်ဖြတ်ခဲ့ပြီး တနိုင်းချောင်း တဖက်ကမ်း ကူးလာတယ်လို့ သိရပြီး ပေါက်ဝနဲ့ ပေါက်ဝကညား သွားလာသူတွေ သတိထားဖို့ ပြောနေကြတယ်လို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသားတယောက်က “တနိုင်းမြို့နယ်ဘက် ဆင် လူ နင်းသတ်တဲ့ ဖြစ်စဉ် မှန်တယ်” လို့ ပြောပါတယ်။
ဆင်က မုန်ယုံချိန် စိတ်ရိုင်းဝင်ကာ လျှောက်သွားနေပြီး လူတွေရဲ့အခင်းတွေနား ရောက်လာကာ အခင်းက လူတွေကို နင်းသတ်တာလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ လူတွေထဲမှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၂ ယောက် ပါဝင်ပြီး အောက်တိုဘာ ၂၅ ရက်အထိ တနိုင်းမြို့နယ်မှာ ဆင်းနင်းသတ်ခံရတဲ့ ဒေသခံ ၇ ယောက်အထိ ရှိလာတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့မှာ ဆင်ကို တရုံရွာအနီး တွေ့ရှိခဲ့ပေမဲ့ ဖမ်းမရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အရွယ်ရောက်ပြီး ဆင်ထီးတွေဟာ တနှစ်တကြိမ် မုန်ယို/မုန်ကျ (ဟိုမုန်းဓာတ် အဆမတန် မြင့်တက်လာပြီး) လေ့ရှိကာ မုန်ယိုချိန်မှာ တည်ငြိမ်ယဉ်ပါးနေတဲ့ ဆင်တွေတောင် စိတ်ဆတ် ဒေါသကြီးလာတတ်ပြီး တခြားဆင်တွေ၊ ဆင်ဦးစီးတွေနဲ့ လူသားတွေကိုပါ ရန်မူတိုက်ခိုက် သတ်ဖြတ်တဲ့အထိ စိတ်ရိုင်းဝင်လာတတ်တယ်လို့ သိရပါတယ်။











