
ကချင်ပြည်နယ် တနိုင်းမြို့နယ် နောင်လုံကောင်ရာရွာမှာ စစ်အာဏာရှင်တပ် လက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်တွေက အရပ်သားတယောက်ကိုသတ်ပြီး တယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်က နောင်လုံကောင်ရာရွာက ဦးလကွယ် နေအိမ်မှာ ဒေသခံတွေ အစည်းအဝေးလုပ်နေချိန် မင်းဇေသန့် ပြည်သူ့စစ်တွေက ဝင်ရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မနက် ၁၀ နာရီလောက်မှာ နောင်လုံကောင်ရာရွာမှာ အစည်းအဝေး လုပ်နေကြတာကို မင်ဇေသန့်အဖွဲ့တွေ ရောက်လာပြီး ဦးထိန်နန်ဇော်ကို ဖမ်းသွားကြတယ်။ အစည်းအဝေးလုပ်ဖို့ လက်ခံခဲ့တဲ့ အိမ်ရှင်ကို သတ်လိုက်တယ်” လို့ DVB ကို ပြောပါတယ်။
ကျေးရွာမှာ အစည်းအဝေးပြုလုပ်နေချိန် ဇန်ပူတောင် စစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေ ရောက်လာပြီး အိမ်ရှင် အသက် ၅၉ နှစ်အရွယ် ဦးလကွယ်ကို ပစ်သတ်ပြီးတော့ ဦးထိန်နန်ဇော်ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
မင်ဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့နဲ့ စစ်တပ်ဟာ အဲဒီဒေသတဝိုက်မှာ စစ်ဆေးတာ၊ လမ်းပိုင်းပိတ်ဆို့တာနဲ့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် တနိုင်း-မြစ်ကြီးနား လီဒိုလမ်းမပေါ်က နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ ကောင်ရာ တဝိုက်မှာ ဒေသခံတွေ လုံခြုံရေးစိုးရိမ်ရလို့ အပြင်ထွက်ဖို့တောင် ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေ သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေ ရှိနေပြီး ဒေသခံတွေဟာ KIA အုပ်ချုပ်ရေးအဖွဲ့တွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်မိရင် အိမ်ရှင်တွေပါ အရေးယူ ပစ်ခတ်ခံရတဲ့ အခြေအနေတွေကြောင့် စိုးရိမ်နေကြရပါတယ်။











