
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ တောဆင်ရိုင်း တိုက်ခိုက်ခံရပြီး အမျိုးသမီး တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို နေအိမ်နဲ့သီးနှံစိုက်ခင်းတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၁၃ ရက်က သာပေါင်းမြို့နယ်၊ ကဇင်းတောကျေးရွာမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတယောက်ဟာ တောဆင်ရိုင်းဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် လက်ကျိုး၊ နံရိုးကျိုးပြီး ခြေထောက်တွေပါ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဆင်ရိုင်းတိုက်ခိုက်ခံရတဲ့အမျိုးသမီးက ပုသိမ်ဆေးရုံမှာ ဆေးကုသ နေရတယ်။ ဒဏ်ရာတွေအတော်ပြင်းတယ်။ ရွာထဲဝင်လာတဲ့ဆင်က ၂ ကောင်လို့ သိရတယ်။ ရွာအပြင်ဘက်မှာ ဆင်အုပ်လိုက်ရောက်နေတယ်” လို့ပြောပါတယ်။
တောဆင်ရိုင်း ၂ ကောင်က လူကိုတိုက်ခိုက်ခဲ့တဲ့အပြင် ကဇင်းတောကျေးရွာရဲ့ အနောက်ဘက်မှာ ဆင်ရိုင်းအုပ် အကောင် ၂၀ လောက်က ဒေသခံတွေရဲ့ လယ်စောင့်တဲအိမ် ၂ လုံးနဲ့ သီးနှံစိုက်ခင်း တွေကို ဝင်ရောက်နင်းခြေဖျက်ဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒေသခံတွေဟာ လယ်ယာလုပ်ငန်းခွင်ကိုမသွားရဲဘဲ ဆင်ရိုင်းတွေကို ရှောင်ရှား နေရတယ်လို့ သိရပါတယ်။
ဇွန် ၂၅ ရက်ကလည်း သာပေါင်းမြို့နယ်၊ ကွက်ပြင်ကျေးရွာအုပ်စု၊ ဝက်သိုက်ကုန်းကျေးရွာထဲကို တောဆင်ရိုင်းအုပ်ဝင်ပြီး နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးခဲ့ပါသေးပြီး ဇူလိုင် ၇ ရက်ကလည်း သာပေါင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာကို တောဆင်ရိုင်းတွေဝင်လာပြီး နေအိမ်နဲ့ သီးနှံ စိုက်ခင်း တွေကို ဖျက်ဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက် ညပိုင်းကလည်း ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကွင်းကျေးရွာက မိသားစုဝင် ၄ ယောက်နေတဲ့အိမ်ကို ဆင်ရိုင်းက ဝင်ရောက် တိုက်ခိုက်တာကြောင့် ဖခင်ဖြစ်သူ၊ မိခင်ဖြစ်သူနဲ့ ကလေးငယ်တယောက်သေဆုံးခဲ့ပြီး နောက်ထပ် ကလေးငယ် တယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။











