
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ပုန်ခုန်းရပ်ကွက်က စာသင်ကျောင်းထဲမှာ အသက် ၆ နှစ်အရွယ် ကလေးတယောက် မြွေဟောက်ကိုက်ခံရပြီး သေဆုံးသွားတယ်လို့ ကူညီဆောင်ရွက်ပေးသူ တွေဆီက သိရပါတယ်။
စက်တင်ဘာ ၈ ရက် ညနေပိုင်းက တနိုင်းမြို့၊ ပုန်ခုန်းရပ်ကွက်က အခြေခံပညာမူလွန်ကျောင်းမှာ ပထမတန်းတက်ရောက်နေတဲ့ အသက် ၆ နှစ်ကျော်အရွယ် မောင်ဆွတ်ဖရိန်အောင် ဆိုသူဟာ ကျောင်းအခန်းထဲမှာ မြွေကိုက်ခံရတာလို့ ဆိုပါတယ်။
ကူညီဆောင်ရွက်ပေးသူတစ်ယောက်က “ကျောင်းဆင်းချိန်မှာ ဖြစ်တာလို့ သိရတယ်။ ကျောင်းခန်းထဲမှာပဲ ကိုက်ခံရတာ။ ဘယ်ဘက်လက်ဖမိုးကို မြွေဟောက်က ကိုက်တာ။ တနိုင်းဆေးရုံကို ပို့ဆောင် ကူညီပြီး ကုသပေးခဲ့ပေမဲ့ သေဆုံးခဲ့တာ” လို့ ပြောပါတယ်။
သေဆုံးသူ ကျောင်းသား မောင်ဆွတ်ဖရိန်အောင်ဟာ လဝါးစစ်ရှောင်တယောက် ဖြစ်ပါတယ်။ တနိုင်းဒေသမှာ အခုလို ကျောင်းသားတယောက် မြွေကိုက်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ်ဟာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ကျောင်းသားမိဘတွေမှာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေပြီး ကျောင်းဝင်းအတွင်း မြွေအန္တရာယ် ထပ်မံဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။











