အာဖဂန်စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပြီး ကျောင်းသား ၁၀ ဦး သေဆုံး၊ ၁၁၀ ခန့် ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ခူနာပြည်နယ်က စာသင်ကျောင်းတကျောင်း အနားမှာ နိုဝင်ဘာ ၂၈ ရက်က ပေါက်ကွဲမှုတခု ဖြစ်လို့ လူ ၁၀ ယောက် သေဆုံးပြီး အယောက် ၁၁၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တာလီဘန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမာတင်ကာနီက ပြောပါတယ်။
သတ္တုတူးဖော်ရေးကုမ္ပဏီတွေ ပိုင်တဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ သိုလှောင်ထားတဲ့ နေရာမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ကနဦး စုံစမ်း စစ်ဆေးမှုတွေက ဆိုပါတယ်။
ဒီဖြစ်ရပ်က ပေါ့ဆမှုနဲ့ ဘေးကင်းလုံခြုံရေး ကြိုတင်ကာကွယ်မှုတွေ အားနည်းလို့ ဖြစ်ခဲ့တာလို့ ကနဦး အစီရင်ခံစာတွေမှာ ဖော်ပြထားတဲ့ အကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခင်းဖြစ်ရာနေရာကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေထဲမှာ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ ဒဏ်ရာရ ကလေးငယ်တွေကို လူတွေက ရနိုင်သမျှ သယ်ယူပို့ဆောင်ရေး နည်းလမ်းအမျိုးမျိုးကို သုံးပြီး ဆေးရုံဆီ အမြန် ပို့ဆောင်နေကြတာ တွေ့ရပါတယ်။
ပါကစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ခူနာပြည်နယ်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ အများကြီး ရှိပါတယ်။
အာဆာဒါဘတ်ခရိုင်၊ အန်ဒါဆာဒေသမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ကာနီက ပြောခဲ့ပြီး၊ စုံစမ်းစစ်ဆေးလို့ ပြီးစီးရင် အသေးစိတ် အချက်အလက်တွေကို ထပ်ထုတ်ပြန်ပေးသွားမယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။











