
ဧရာဝတီတိုင်းမှာရှိတဲ့ ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေကို အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့ တရက်တည်းမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်မှု များပြားခဲ့တယ်လို့ ခရီးသွားလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ခရီးသွားလုပ်ငန်းရှင်တယောက်က “ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေကို သီတင်းကျွတ် လပြည့်နေ့မှာ လာလည်ကြတဲ့သူတွေရှိတယ်။ ရန်ကုန်နဲ့ ဧရာဝတီတိုင်းက လာတဲ့သူတွေ များတယ်။ ညအိပ်လာတဲ့သူတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။
သီတင်းကျွတ်လပြည့်နေ့ တရက်တည်းမှာ ငွေဆောင်ကမ်းခြေကို ခရီးသွား ၁၆,၄၄၅ ယောက်နဲ့ ချောင်းသာကမ်းခြေကို ခရီးသွား ၁၅,၈၉၉ ယောက်အထိ လာရောက်လည်ပတ်ခဲ့တယ်လို့ သိရ ပါတယ်။
ခရီးသည်တယောက်က “တပ်နဲ့ ရဲက စစ်ဆေးတာတော့ ရှိပါတယ်။ တခြားအခက်အခဲတော့ မရှိဘူး။ ကမ်းခြေမှာ အစားအသောက်တွေကတော့ အကုန်ဈေးတက်နေတယ်” လို့ ပြောပါတယ်။
ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေကို ပြည်ပခရီးသွားတွေအနေနဲ့ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ ကိုရီးယားနိုင်ငံတွေက လာရောက်လည်ပတ်ကြပြီး ပြည်တွင်းခရီးသွားတွေကတော့ ရန်ကုန်နဲ့ ဧရာဝတီတိုင်းက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ကမ်းခြေတွေကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့အပြင် စစ်အာဏာရှင်တပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပုသိမ်ကိုးဆူ စစ်ဆေးရေးဂိတ်နဲ့ ကမ်းခြေအဝင်အထွက်နေရာတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ငွေဆောင်ကမ်းခြေအပါအဝင် ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေမှာ ခရီးသွားဧည့်သည် လာရောက်မှုနည်းပါးခဲ့ပြီး ဟိုတယ်တွေပါ ပိတ်ထားခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။











