တန်ဆောင်တိုင်ကာလအတွင်း ငွေဆောင်နှင့် ချောင်းသာကို ခရီးသွား ၇၃,၀၀၀ ကျော် လာရောက်

ငွေဆောင်နဲ့ ချောင်းသာကမ်းခြေဒေသကို တန်ဆောင်တိုင်ကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၇၃,၆၀၀ ကျော် လာရောက်လည်ပတ်ခဲ့တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၂ ရက်ကနေ ၂၇ ရက်အထိ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေ ကို ခရီးသွား ၄၂,၆၀၀ ကျော်၊ ချောင်းသာကမ်းခြေကို ခရီးသွား ၃၁,၀၀၀ ကျော် လာရောက် လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
ခရီးသွားလုပ်ငန်းရှင်တယောက်က “ကမ်းခြေကို လာရောက်တဲ့ ဧည့်သည်တွေထဲမှာ ပြည်ပ ဧည့်သည်တွေလည်း ပါဝင်ပါတယ်။ ပြည်တွင်းခရီးသွားတွေကတော့ ရန်ကုန်၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်းက လာရောက်သူ အများဆုံးဖြစ်ပါတယ်” လို့ ပြောပါတယ်။
ငွေဆောင်နဲ့ ချောင်းသာကမ်းခြေကို ပြည်ပခရီးသွားတွေအနေနဲ့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နဲ့ ရုရှားနိုင်ငံတို့က အဓိက လာရောက်လည်ပတ်တယ်လို့ သိရပါတယ်။
ချောင်းသာကမ်းခြေမှာ ပင်လယ်စာနဲ့ အမှတ်တရလက်ဆောင်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က “လာတဲ့သူတော့ ရှိပါတယ်။ ဒါပေမဲ့ ဈေးအရောင်းအဝယ်ကတော့ အရင်လောက် အဆင်မပြေသေးပါဘူး။ ကုန်ဈေးနှုန်းတွေ တက်နေတာလည်း ပါတာပေါ့” လို့ ပြောပါတယ်။
ငွေဆောင်နဲ့ ချောင်းသာကမ်းခြေဟာ ဧရာဝတီတိုင်းအတွင်း လူသိများတဲ့ အပန်းဖြေခရီးသွားနေရာ တွေဖြစ်ပြီး ပုသိမ်မြို့ကတဆင့် ကားလမ်းခရီးနဲ့ တိုက်ရိုက်သွားရောက်နိုင်တာကြောင့် ခရီးသွားတွေ အဓိက လာရောက်လည်ပတ်ကြတဲ့ ကမ်းခြေတွေဖြစ်ပါတယ်။
ခရီးသွားဧည့်သည်တွေ လာရောက်ပေမဲ့ ကုန်ဈေးနှုန်းမြင့်တက်တာနဲ့ အထွေထွေစီးပွားရေး အခြေအနေတွေကြောင့် ကမ်းခြေဒေသက ပင်လယ်စာနဲ့ အမှတ်တရပစ္စည်း အရောင်းအဝယ်ဟာ အရင်ကာလတွေလို အဆင်မပြေသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။











