
ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေမှာ ဖွင့်ထားတဲ့ တည်းခိုခန်းတချို့ရဲ့ မြေနေရာဟာ တပ်ပိုင်ဖြစ် တယ်ဆိုပြီး ဩဂုတ် ၁၅ ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ စစ်အာဏာရှင်တပ်က ကြေညာထား ကြောင်း ချောင်းသာ အာဏာပိုင်တွေနဲ့ နီးစပ်သူတချို့ဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်က ဖယ်ခိုင်းထားတဲ့ မြေဧရိယာဟာ ၅ ဧက ဝန်းကျင်ရှိပြီး မြို့ခံတချို့ကလည်း ဒီမြေနေရာတွေက တပ်မြေဖြစ်တယ်လို့ ဆိုကြပါတယ်။
မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ ၅ ဧက ဝန်းကျင်၊ တည်းခိုခန်းဝင်းက ၃ ခု၊ အဲဒီ ၃ ခုထဲမှာမှ မိသားစုပိုင် အခွဲလေးတွေတော့ ရှိတာပေါ့ ။ တကယ်တော့ ၃ လုံးလို့ ပြောလို့ရတယ်။ နို့တစ်စာကတော့ ၃၁ ရက်နေ့ကတည်းက တာဝန်ရှိသူတွေက လိုက်ကပ်ထားပြီးသား။ ၁၅ ရက် အချိန်ပေးထားတယ်။ ၁၅ ရက်အတွင်းဖယ်ပေါ့။ သူတို့ကတော့ ဘယ်ဖယ်ချင်မလဲ၊ မြေကတော့ ဒါက စစ်တပ်ပိုင်မြေ။ လွန်ခဲ့တဲ့ နှစ်တွေကလည်း အဲဒီလို ဖယ်ခိုင်းတာတွေရှိတယ်။ အဲဒီတုန်းက တော့ တချို့ တည်းခိုခန်းပိုင် ရှင်တွေက မြေနေရာတွေကို စစ်တပ်ဆီကငှားပြီး သက်တမ်းတိုးပြီး လုပ်ကိုင်ကြတာတွေလည်း ခုထိ ရှိတယ်” လို့ ပြောပါတယ်။
ဖယ်ခိုင်းတဲ့ ရက်က နီးကပ်လာပေမဲ့ တည်းခိုခန်းတွေဘက်က ပစ္စည်းတွေ မသိမ်းသေးဘဲ တည်းခိုခန်းတွေကို ဆက်လက်ဖွင့်လှစ်ထားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
၁၅ ရက်အတွင်း ဖယ်ပေးရမယ်လို့ စစ်တပ်က နို့တစ်စာ ပို့ထားပေမဲ့ အယူခံဝင်ခွင့် ပေးထားတာကြောင့် လတ်တလောမှာ အယူခံဝင်ထားပြီး အကြောင်းအရင်ကို မသိရသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
ချောင်းသာမြို့ခံက “ဖယ်ခိုင်းထားတာဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး၊ အခုက နို့တစ်စာထုတ်တယ်။ ကျနော်တို့ အယူခံတင်တယ်ပေါ့။ အဲဒီအယူခံစာက ကျမလာသေးဘူး၊။ သူတို့ စာလာကတည်းက ၂ ရွက်ပါတာ။ တရွက်က နို့တစ်စာ။ တရွက်က အယူခံစာပေါ့၊။ လောလောဆယ်တော့ ဘာမှမသိသေးဘူး၊ အယူခံအောင်သွားရင် ဘာဆက်ဖြစ်မယ်၊ အလုပ်က ဘာဆက်လုပ်လို့ရမလဲ ဆိုတာကို ကျနော်လည်း သေချာမသိပါဘူး” လို့ ပြောပါတယ်။
ချောင်းသာကမ်းခြေဟာ ရန်ကုန်မြို့နဲ့ အနီးဆုံး ကမ်းခြေတခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွား အများဆုံးလာရောက်လည်ပတ်လေ့ရှိတဲ့ ကမ်းခြေတခုလည်းဖြစ်ပါတယ်။
ချောင်းသာကမ်းခြေမှာ ဟိုတယ်နဲ့ တည်းခိုရိပ်သာ စုစုပေါင်း အလုံး ၃၀ ဝန်းကျင်ရှိတယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ တရားဝင်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲတွေမှာ ရခိုင်ပြည်နယ်က ကမ္ဘာကျော် ငပလီ ကမ်းခြေကို ရက္ခိုင့်တပ်တော်ထံ လက်လွှတ်ထားရပြီးနောက် ဧရာဝတီတိုင်းက ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေကို ခရီးသွားလုပ်ငန်းအတွက် အားကိုးနေရတာ ဖြစ်ပါတယ်။











