DVB Logo
Home
မြန်မာသတင်း
ဘီးလင်းရေဘေးဒုက္ခသည် ၁၀,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံ
မောရစ်
·
July 14, 2026
Photo: Photo: Myanmar Fire Service Department
Photo: Photo: Myanmar Fire Service Department
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ မိုးအဆက်မပြတ်ရွာခဲ့လို့ ဘီးလင်းမြစ်ရေတက်လာပြီး လူနေရပ်ကွက် ၅ ခုနဲ့ မြစ်ဘေးက ကျေးရွာပေါင်း ၂၀ ကျော်ဟာ ရေဘေးဒဏ်ကိုခံနေရကာ ဒေသခံ လူဦးရေ ၁၀,၀၀၀ ကျော်ကို ကယ်ဆယ် ပြောင်းရွှေ့ပေးထားရပါတယ်။

ဘီးလင်းမြစ်ရေ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက်ထဲက အနိမ့်ပိုင်းတွေဖြစ်တဲ့ ကန်သာယာ၊ ဘိုးရာဇာ၊ ဖိုးလှကြီး စတဲ့ ရပ်ကွက် ၅ ခုနဲ့ မြစ်ကမ်းဘေးက ကျေးရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်နေတာပါ။

လက်ရှိ ဒေသခံလူဦးရေ ၁၀,၀၀၀ ကျော်ကို အရေးပေါ်ကယ်ဆယ်ရေးစခန်း ၉ ခုမှာ ပို့ဆောင်ထားတယ်လို့ ကယ်ဆယ်ရေးသမားတယောက်က ပြောပါတယ်။

“အခု အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ ရေသန့်တို့ ဘာတို့ပေါ့၊ ခေါက်ဆွဲခြောက်တို့ ဘာတို့တွေ ကယ်ဆယ်ရေးဘက်က ထမင်းထုပ်တို့ ဘာတို့၊ ဖယောင်းတိုင်တို့၊ ခြင်ဆေးခွေတို့ အဓိက ရွာဘက်တွေ၊ နတ်ကြီးဘက်တို့ ဘီးလင်းဟိုဘက်ကျေးရွာတွေကိုပေါ့။ အဲဒီ ဘီးလင်းမြို့ပြင်က ကျေးရွာတွေကို အဓိကထားပြီးတော့ ကူညီကယ်ဆယ်ရတာပေါ့။ ကယ်ဆယ်ရေးစခန်းမှာ အခုလောလောဆယ်ဆိုရင် လူဦးရေ ၁၀,၀၀၀ လောက်တော့ ရှိမှာပေါ့၊ စခန်းတွေ အကုန်လုံးပေါင်းမယ်ဆိုရင်၊ အခုလောလောဆယ် ရေကတော့ ပြန်ကျသွားပြီ။”

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ ဇူလိုင် ၁၃ ရက် မနက် တိုင်းတာချက်တွေအရ ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ဖြစ်တဲ့ ၁၀၂၂ စင်တီမီတာအောက် ပြန်လည်ကျဆင်းလာပါတယ်။

ဘီးလင်းမြို့ခံတွေ ပြောပြချက်အရ ဇူလိုင် ၁၄ ရက်မှာ စိုးရိမ်ရေအမှတ် ထပ်ကျသွားပေမဲ့ ရေထပ်တက်နိုင်တဲ့ အနေအထားမှာ ရှိနေလို့ စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။

ဘီးလင်းမြစ်ကမ်းတလျှောက်က ပဏ္ဍိကုန်း၊ တက်တူကုန်း၊ ခဲမောက်၊ ဖိုးကြီးဆိပ်၊ လယ်စောလော့၊ ပြင်သာ၊ ရွှေလောင်းအင်း၊ ဘင်ဘန်း၊ နတ်ကြီး၊ မဲလံခေါင်၊ ရင်းအုံ၊ အဟုံးဝ ရွာတွေ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော် ရေမြုပ်နေတာလို့ ဒေသခံတွေက အတည်ပြုပါတယ်။

ကယ်ဆယ်ရေးစခန်း ၉ ခုမှာ လာခိုလှုံသူ အများစုကတော့ အကူအညီ အထောက်အပံ့ ရနေပေမဲ့ ရေမြုပ်နေတဲ့ ကျေးရွာတချို့က ပြည်သူတွေကတော့ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဘီးလင်းမြို့ခံတယောက်က “နှစ်တိုင်း ရေက ပုံမှန်ကြီးနေကြပါပဲ။ အခုတော့ ရေ ၂ ပေလောက် ပြန်ကျနေပြီ။ ဒါပေမဲ့ စောင့်ကြည့်ရမယ်၊ ၁၄၊ ၁၅ ရက်တွေမှာ ရေပြန်တက်နိုင်ခြေရှိတယ်။ ကယ်ဆယ်ရေးစခန်းတွေက ၉ ခုလောက်ဖွင့်ထားတော့ ကျေးရွာဘက်ကသူတွေလောက်ပဲ ပြန်ကြည့်ရမယ်။ မြို့ပေါ်ကသူတွေက လောလောဆယ်ထိ အဆင်ပြေကြပါတယ်” လို့ ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာတာကြောင့် ဇူလိုင် ၁၈ ရက်အထိ တပတ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးဇလက သတိပေး ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ သံလွင်၊ ဘီးလင်းနဲ့ စစ်တောင်းမြစ်ရေတွေဟာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသလို ချင်းတွင်းနဲ့ သောင်ရင်းမြစ်ရေတွေလည်း စိုးရိမ်ရေမှတ်အထိ ထပ်မံမြင့်တက်လာနိုင်တာကြောင့် ကုန်းမြင့်ဒေသနဲ့ မြစ်ချောင်းအနီး နေထိုင်သူတွေအနေနဲ့ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတဲ့ ဘေးအန္တရာယ်တွေကို အထူးသတိပြု ကြိုတင်ပြင်ဆင်ကြဖို့ နှိုးဆော်ထားပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013