DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်၏ လွှတ်တော်များ စစ်မှုထမ်းဥပဒေကိစ္စ ဆွေးနွေးမှုနည်းပါး 
DVB
·
October 31, 2026
Photo: Pyithu Hluttaw 
Photo: Pyithu Hluttaw 
Donate to DVB

စစ်အာဏာရှင်ဩဇာခံ လွှတ်တော်တွေမှာ ပြည်သူတွေကို လက်ရှိအကျပ်အတည်း အခက်အခဲ ဖြစ်စေတဲ့  ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းမေးမြန်းတဲ့ မေးခွန်း ၃ ခုသာရှိခဲ့ပြီး ဆွေးနွေးမှုတွေ လည်း မရှိသလောက်နည်းပါးတာ တွေ့ရတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

ပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်တွင်း မေးမြန်းမှုမှာ ၃ ကြိမ်သာရှိခဲ့ကြောင်း ISP-Myanmar ရဲ့ အောက်တိုဘာ ၂၉ ရက် က ထုတ်ပြန်တဲ့ လေ့လာချက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၆ ခုနှစ် မတ်လမှာစတင်ခဲ့တဲ့ စစ်အာဏာရှင်ရဲ့ ပြည်သူ့လွှတ်တော်မှာ အခုအောက်တိုဘာလအထိ မေးခွန်းပေါင်း ၄၉၅ ခုထက်မနည်း မေးမြန်းခဲ့ကြပေမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ မေးခွန်း ၃ ခုသာ ရှိခဲ့တဲ့အပြင် အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ လုံးဝဆွေးနွေးမေးမြန်းတာမျိုးမရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ISP-Myanmar လူငယ်သုတေသီ ကိုနိုင်မင်းခန့်က “ကျနော်တို့ ဒီပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကာလမှာရော ပါတီတွေရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေ ကစပြီးတော့ လေ့လာပါတယ်။ ရွေးကောက်ပွဲကတိကဝတ်တွေမှာရော အခုလွှတ်တော်တွင်း ဆွေးနွေးမှုတွေမှာရော တွေ့ရတာကကျတော့ နိုင်ငံရေးပါတီတွေရော အမတ်တွေရောက ဦးမင်းအောင်လှိုင်အစိုးရ ချမှတ်ထားတဲ့ မူဝါဒတွေ၊ ဥပဒေတွေ စတာတွေကို မူအားဖြင့် ကန့်ကွက်တာ ဝေဖန်တာလုပ်ဖို့ ဝန်လေးကြတာမျိုးလည်း လေ့လာမိပါတယ်။ အခုစစ်မှုထမ်း ဥပဒေမှာဆိုရင် ဥပဒေရဲ့ ဖြစ်တည်မှု၊ နိုင်ငံအပေါ် အကျိုးသက်ရောက်မှု၊ နောက်တခုက မဖြစ်မနေ စစ်မှုထမ်းရတာကြောင့် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ထုတ်ကုန်လုပ်ငန်းတွေအတွက် စွန့်လွှတ်ရမှုပေါ့ opportunity cost ဆိုတာမျိုးတွေကို မေးခွန်းထုတ်တာမျိုး မတွေ့ရဘူး။ အဓိကက ဥပဒေ၊ နည်းဥပဒေနဲ့ အညီ စစ်သားသစ်စုဖို့ကိုပဲ ပိုတွန်းတာမျိုးကို တွေ့ရတာပေါ့”လို့ ပြောပါတယ်။

စစ်မှုထမ်းဆင့်ခေါ်မှုတွေကြောင့် လူငယ်တွေရဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပေမဲ့ လွှတ်တော်တွင်းမှာ အဲဒီအကျိုးဆက်တွေအပေါ် အလေးထားဆွေးနွေးမှု နည်းပါးနေတယ်လို့လည်း ISP သုတေသီတွေက ထောက်ပြပါတယ်။

လွှတ်တော်ဟာ ပြည်သူ့အသံကို ကိုယ်စားပြုဖို့ အရေးကြီးတဲ့ နေရာတခုဖြစ်ပေမဲ့ လက်ရှိ လွှတ်တော်ကတော့ စစ်အာဏာရှင်အစိုးရလက်အောက်ကနေ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ထိထိရောက်ရောက် တင်ပြနိုင်ခြင်းမရှိဘူးလို့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တယောက်က ဝေဖန်ပါတယ်။

“လွှတ်တော်အသံ ပြည်သူ့သံဆိုတာကတော့ တကယ့်ကို ဒါ မှန်ကန်တဲ့ စကားလုံးပဲ။ သို့သော် အခုလက်ရှိ ဒီစစ်ကောင်စီကနေပြီးတော့ ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရွေးတုကနေပြီးတော့ တက်လာတဲ့ ကျင်းပတဲ့ လွှတ်တော်ကျတော့ ကျနော်တို့ အဲဒီလိုသွားပြောလို့ မရတော့ဘူးပေါ့နော်။ ပြည်သူတွေအပြင်မှာ စစ်မှုထမ်းကိစ္စရော၊ စီးပွားရေးတွေကိစ္စရော၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ ကိစ္စတွေရောပေါ့နော်။ ဒါတွေကို လွှတ်တော်မှာ ပြည့်ပြည့်ဝဝ တင်ပြနိုင်ဖို့ ဆိုတဲ့ဟာက တကယ့်ကို ဒါ ပြည်သူ့ အသံပဲဖြစ်တာပေါ့။ သို့သော်လည်းပဲ တင်ပြဖို့ရာက အခုချိန်ထိ ဘယ်သူမှလည်း မကြားရသလို ကိုယ်တွေလည်းပဲ မသိရဘူး မကြားရဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် စိတ်လည်းမဝင်စားကြဘူးပေါ့နော်။ အဲလိုဆိုတော့ ဒီစစ်အာဏာရှင်ရဲ့ ဒီအုပ်ချုပ်မှုယန္တရား အောက်ကနေပဲ သွားပြီးတော့ ဒါပဲမေး ဟိုဟာပဲပြော ဒီဟာပဲဖြေဆိုတဲ့ ပုံစံမျိုးတွေအနေနဲ့ကျတော့ ပြည်သူ့ အသံကို လွှတ်တော်ရောက်ဖို့ ဆိုတဲ့ ဟာက ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်။ အဲလိုမျိုးအနေနဲ့ ပြောချင်ပါတယ်။”

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ စစ်မှုထမ်းဆင့်ခေါ်မှုတွေဟာ အခုဆိုအပတ်စဉ် ၂၉ အထိ ရောက်ရှိလာပြီး တသုတ်ကို ပျမ်းမျှ လူဦးရေ ၄,၇၀၀ လောက် စုဆောင်းခဲ့တာကြောင့် စုစုပေါင်း စစ်မှုထမ်းအရေအတွက် တသိန်းခွဲနီးပါးရှိလာပြီလို့ သိရပါတယ်။

ဝေဝေ

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013