
ရန်ကုန်တိုင်းအတွင်းရှိ ခရိုင် ၁၀ ခုမှာ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၂,၇၈၂ လုံးကို အရေးယူထားတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောပါတယ်။
မနေ့က ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ပုဇွန်တောင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်က “အရင်လတွေက စမ်းချောင်းမြို့နယ်မှာ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ ဆောက်လုပ်ထားတာကို အရေးယူဆောင်ရွက်နေပြီး အဆိုပါ အဆောက်အအုံများတွင် လူနေထိုင်ရန်မသင့် ဆိုသည့် ဆိုင်းဘုတ်များ လာရောက်ကပ်ကြောင်း၊ ဗွီနိုင်းအနီများ လာရောက်ကပ်ပါက ရန်ကုန်မြို့တော်ကြီးမှာ မြို့အင်္ဂါရပ်နဲ့ မညီညွတ်တော့ဘဲ မြင်ရသူများအတွက်လည်းကောင်း၊ ကြိုပွိုင့်နဲ့ အခန်းဝယ်ယူထားသူများအတွက်လည်းကောင်း၊ မြေပိုင်ရှင်များအနေနဲ့ စိတ်နှလုံး မသာမယာဖြစ်၍ အချင်းချင်း အမှုအခင်း၊ တရားတဘောင်နဲ့ ရင်ဆိုင်ကြရတယ်လို့ ပြောပါတယ်။ ဒါကြောင့် တရားဝင်လိုင်စင် မရှိသူများက တရားဝင်လိုင်စင် ရှိသူများကဲ့သို့ အင်းစိန်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်နဲ့ စမ်းချောင်းမြို့နယ်တွေမှာ ခွင့်ပြုချက်မဲ့၊ လိုင်စင်မဲ့ အဆောက်အအုံများစွာ ဆောက်လုပ်နေတာကို ဘယ်လိုအရေးယူမလဲ” ဆိုပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဒီမေးမြန်းမှုအပေါ် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က “ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ခရိုင်အလိုက် ခွင့်ပြုချက်မဲ့ ဆောက်လုပ်၊ ပြင်ဆင်တဲ့ အဆောက်အအုံတွေကို ကျနော်တို့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ အရေးယူထားတဲ့ စာရင်းအရ ခရိုင် ၁၀ ခုမှာ အဆောက်အအုံပေါင်း ၂,၇၈၂ ခု ရှိပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ ဆောက်လုပ်နေတဲ့ လိုင်စင်မဲ့ ကန်ထရိုက်တာနဲ့ မြေရှင်တွေကို ၂၀၁၈ ခုနှစ် စည်ပင်သာယာရေးကော်မတီ ဥပဒေအရ ပုဒ်မ ၃၂၄၊ ၃၁၂(က) အရ ပထမဦးစွာ စာတိုင်(၅) နဲ့ တရားစွဲဆိုပြီး ဒဏ်ငွေချမှတ်ထားတယ်လို့ ဆိုပါတယ်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ ဆက်လက်ဆောက်လုပ်ခြင်း မရှိဖို့ အများပြည်သူသိစေရန် တားမြစ်ဆိုင်းဘုတ်အနီတွေ တပ်ဆင်ထားပြီး အချက်တွေကို လိုက်နာဆောင်ရွက်မှု မရှိပါက မြို့နယ်ဥပဒေအရာရှိထံ ဥပဒေအကြံပြုချက်ရယူပြီး ထပ်မံစာတိုင်(၆) နဲ့ အရေးယူ ဆောင်ရွက်နေပြီး အဲဒီလို ဆောင်ရွက်ပါက ထောင်ဒဏ်အပြစ်ပေးခံရမှာလို့ ရှင်းပြပါတယ်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ ကန့်သတ်တာကို လက်ခံပေမဲ့ တရားဝင် လိုင်စင်ရရှိထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏငယ်တချို့ကို ကန့်သတ်စစ်ဆေးမှုတွေ လုပ်ဆောင်တာဟာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ မိသားစုတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲသလို ဖြစ်နေတယ်လို့ ကန်ထရိုက်တယောက်က DVB ကို ပြောပါတယ်။
“ခွင့်ပြုချက်မဲ့တာ မဟုတ်ဘူး၊ အရင်က စည်ပင်နဲ့ လိုင်စင်မဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ပေါင်းလုပ်တာ ဖြစ်တဲ့အခါကျတော့ ကြားက မြေရှင်ရော ကြိုပွင့်ဝယ်တဲ့သူရော ခံရတာ။ အခုလိုဖြစ်လာမှ တင်းကျပ်တဲ့အခါကျတော့ တရားဝင်လိုင်စင်ရှိတဲ့လူတွေရဲ့ လုပ်ငန်းတွေကိုပါ စစ်ဆေးလာတယ်။ တချို့လုပ်ငန်းတွေ စစ်ဆေးနေတော့ အလုပ်တွေ ရပ်ထားရရော။ ဒီလုပ်ရပ်တွေက ဆောက်လုပ်ရေးလုပ်ငန်းကို မှီခိုနေသူတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲသလို ဖြစ်နေတယ်။”
၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်ကစပြီး တိုင်းအစိုးရအဖွဲ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ ထပ်မံဆောက်လုပ်မှု မရှိစေရေးအတွက် ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ ကြိုတင်စိစစ် တားဆီးဖျက်သိမ်းရှင်းလင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောပါတယ်။











