
ကိုယ်ပိုင်ကျောင်းနဲ့ ပုဂ္ဂလိကကျောင်း အမည်တွေကို အင်္ဂလိပ်အမည်ပေးတာက ဇာတိသွေး၊ ဇာတိမာန် ပျောက်ဆုံးသွားနိုင်လို့ မြန်မာအမည်တွေပဲပေးဖို့ စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တယောက်က မေးခွန်းမေးပြီး တိုက်တွန်းလိုက်ပါတယ်။
အောက်တိုဘာ ၁၉ ရက်က ကျင်းပတဲ့ စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မောင်က အခုလို ပြောကြားခဲ့တာပါ။
“ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ အမည်များမှာ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်နေခြင်း ကြောင့် ဇာတိသွေး၊ ဇာတိမာန်များ ပျောက်ဆုံးသွားနိုင်ပါတယ်။ မြန်မာစာ၊ မြန်မာမှုကို မချစ်မြတ်နိုးသည့်တိုင်အောင် လေးစားသောအားဖြင့် မြန်မာဘာသာဖြင့်သာ ဖြစ်ရပါမယ်။”
ပုဂ္ဂလိကပညာရေးဥပဒေအရ နိုင်ငံတကာသင်ရိုးနဲ့သင်ကြားတဲ့ ပုဂ္ဂလိကကျောင်းတွေနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ သင်ရိုးနဲ့ သင်ကြားနေတဲ့ ပုဂ္ဂလိကကျောင်းတွေအနက်က ပြည်တွင်းက သင်ရိုးကို အသုံးပြုတဲ့ ပုဂ္ဂလိကကျောင်းတွေကို မြန်မာဘာသာနဲ့သာ အမည်ပေးပါက အမျိုးအစား ရောထွေးမှုလည်းရှိတော့မှာ မဟုတ်ကြောင်း ဦးဝင်းမြင့်မောင်က ပြောပါတယ်။
ရန်ကုန်မြို့က International ကျောင်းတကျောင်းမှာ စာသင်ပေးနေတဲ့ ဆရာမတယောက်က “အဲဒီလိုလူတွေ လွှတ်တော်အမတ်ဖြစ်နေတာ စဉ်းစားသာကြည့်တော့။ အသက်သာ ကြီးလာတာ၊ ဦးနှောက်က ဖွံ့ဖြိုးမလာကြဘူး။ ကိုယ်ပိုင်ကျောင်းတွေအများစုက မူလကတည်းက မြန်မာအမည်တွေနဲ့ပဲ။ သူ ပြောတဲ့ အင်္ဂလိပ်နာမည်နဲ့ဆိုတာက IS တွေ ၊ IS တွေက နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး အဲဒီက သင်ရိုးတွေနဲ့ ခေတ်မီနည်းပညာတွေသုံးပြီး ကမ္ဘာ့အဆင့်မီသင်ရိုးတွေနဲ့ သင်ကြားနေတဲ့ ကျောင်းတွေလေ။ အဲဒါကို နားမလည်ပါးမလည်နဲ့ ပြောတယ်လို့ပဲ မြင်ပါတယ်” လို့ မှတ်ချက်ပေးပါတယ်။
ဦးဝင်းမြင့်မောင်ရဲ့ မေးမြန်းမှုနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ခန့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ပြန်လည်ဖြေကြားရာမှာ ပုဂ္ဂလိကကျောင်းတွေရဲ့ အမည်တွေကို မြန်မာဘာသာနဲ့ တပြေးညီဖြစ်စေရေး ဆောင်ရွက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်တွင်းက နိုင်ငံတကာသင်ရိုးသင်ကျောင်းတွေအနေနဲ့ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်မှု အသိအမှတ်ပြုမှုရယူရာမှာ မူရင်းအတိုင်းသာ ပိုမိုသင့်တော်ပြီး တရားဝင်ရုံးသုံး၊ စာရွက်စာတမ်းတွေမှာသာ မြန်မာဘာသာနဲ့ အသုံးပြုနေတယ်လို့လည်း ဒုဝန်ကြီးက ပြောကြားသွားပါတယ်။











