
ဘယ်လာရုစ်နိုင်ငံ Development Bank of the Republic of Belarus (DBRB) နဲ့ Belinvest bank JSC တို့ကနေ ပို့ကုန်ချေးငွေရယူမဲ့ကိစ္စကို စစ်အာဏာရှင်ဩဇာခံ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ စစ်တပ်လွှတ်တော်အစည်းအဝေးမှာ စစ်အာဏာရှင်အစိုးရရဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်ထင်က ရှင်းလင်းပြီးနောက် အတည်ပြုလိုက်တာပါ။
ချေးငွေကို ဘယ်လာရုစ် ရူဘယ်၊ ရုရှား ရူဘယ်၊ တရုတ် ယွမ်၊ အမေရိကန်ဒေါ်လာနဲ့ ယူရိုတို့နဲ့ ချေးယူနိုင်မှာဖြစ်ပြီး ချေးငွေပမာဏ ဘယ်လောက်ဆိုတာကိုတော့ ထည့်သွင်းပြောကြားသွားတာ မရှိပါဘူး။
အတိုးနှုန်းအနေနဲ့ အနည်းဆုံး ၂ ဒသမ ၂၅ ရာခိုင်နှုန်းကနေ အများဆုံး ၉ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။ ချေးငွေရဲ့သက်တမ်းမှာ ၁ နှစ်ကနေ ၅ နှစ်အထိဖြစ်ပြီး ဆိုင်းငံ့ကာလမှာ တနှစ်ဖြစ်ပါတယ်။
ချေးငွေရယူဖို့ နိုင်ငံပိုင်ဘဏ်တွေဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့နဲ့ လက်မှတ်ရေးထိုးထားပြီး ဘဏ်စာရင်းတွေ ဖွင့်နိုင်ဖို့ ဆောင်ရွက်နေပြီဖြစ်တယ်လို့ ဒုဝန်ကြီး ဦးကျော်ထင်က ပြောပါတယ်။
မြန်မာနိုင်ငံအစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းတွေက ဘယ်လာရုစ်က ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ၊ ခေတ်မီစက်ပစ္စည်းကိရိယာတွေ၊ နည်းပညာနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူတာမှာ ဘယ်လာရုစ်ရှိ ဘဏ်တခုခုကနေ ချေးငွေရယူပြီး ပစ္စည်းဖိုးပေးချေရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ် အစိုးရတို့အကြား ပို့ကုန်ချေးငွေဆိုင်ရာ အထွေထွေသဘောတူညီချက်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ လက်မှတ်ထိုးထားတာဖြစ်တယ်လို့ သိရပါတယ်။
ဘယ်လာရုစ်နိုင်ငံရဲ့ ပို့ကုန်ချေးငွေနဲ့ ဝယ်ယူနိုင်မဲ့ ပို့ကုန်ပစ္စည်းအမျိုးအစားတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်ပစ္စည်း၊ ကြားခံကုန်စည်၊ လူသုံးကုန်ပစ္စည်းတွေနဲ့ တခြားကုန်ပစ္စည်းတွေဖြစ်ပြီး ချေးငွေရယူမဲ့ ငွေကြေးအမျိုးအစားနဲ့ ပို့ကုန်ပစ္စည်း အုပ်စုအပေါ် မူတည်ပြီး အတိုးနှုန်းကို သတ်မှတ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။











