အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်မဲ့အစီအစဉ် ရပ်ဆိုင်းထားမှုကို နောက်ထပ် ၁၀ ရက် ထပ်တိုးပေးလိုက်ပြီး ပါကစ္စတန်နိုင်ငံက ကြားဝင် ညှိနှိုင်းပေးနေပါတယ်။
မတ် ၂၃ ရက်က စတင်ခဲ့တဲ့ ၅ ရက်ကြာ ရပ်ဆိုင်းမှုကို အီရန်အစိုးရရဲ့ တောင်းဆိုချက်အရ အမေရိကန်စံတော်ချိန် ဧပြီ ၆ ရက် ည ၈ နာရီအထိ ထပ်တိုးလိုက်တာလို့ ထရမ့်ပ်က သူပိုင်တဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အီရန်နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေပြီး အခြေအနေ အရမ်းကောင်းတယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကိုသာ သဘောမတူဘူးဆိုရင် အမေရိကန်ဟာ အီရန်အတွက် “အဆိုးဝါးဆုံး အိပ်မက်ဆိုး” ဖြစ်လာလိမ့်မယ်လို့လည်း သတိပေးပါတယ်။
ပါကစ္စတန်ကတဆင့် အီရန်ဆီကို အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအဆိုပြုလွှာ ပေးပို့ထားတယ်လို့ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က အတည်ပြုပါတယ်။
အီရန်ဘက်ကတော့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ဖို့ သူတို့မှာ “သဘာဝကျပြီး တရားဝင်တဲ့ အခွင့်အရေး” ရှိတယ်လို့ တုံ့ပြန်ပါတယ်။
ဒီလိုဆွေးနွေးနေပေမဲ့ ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ရေတပ်မှူး ဗိုလ်မှူးချုပ် အလီရီဇာ တန်စီရီကို အစ္စရေးက သတ်ဖြတ်ခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်စစ်တပ်နဲ့ လုံခြုံရေးထိပ်တန်းအရာရှိ အများအပြား သေဆုံးထားပါတယ်။
Source: Reuters











