
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆာရဖီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ထိုင်း နဲ့ ရှမ်း လူငယ် ၁၈ ယောက်ကို တာဝန်ရှိသူတွေက လိုက်လံရှာဖွေဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၄ ရက် ည ၁၀ နာရီကျော်က ဆာရဖီးမြို့ မီးရထားသံလမ်းအနီး ပါခဲယုံးတံတားနားမှာ လူငယ်တွေ အုပ်စုဖွဲ့ ချိန်းတွေ့ပြီး ထိုးနှက်တိုက်ခိုက်ကြကြောင်း၊ ထိခိုက်ဒဏ်ရာရကြကြောင်း လူမှုကွန်ရက်သတင်းမှာ ပျံ့နှံ့နေပါတယ်။
ဒါကြောင့် အမှတ် ၅ တိုင်းဒေသရဲတပ်ဖွဲ့ တာဝန်ကျ ဒုရဲမှူး ထဝပ်ချိုင်း ဖုန်းဝိဝပ်ချိုင်း နဲ့ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၁၅ ရက်က အဆိုလူငယ်တွေကို လိုက်လံ စုံစမ်းဖမ်းဆီးခဲ့တယ်။ အဲဒီနောက် အသက် ၁၆ နှစ် နဲ့ ၁၈ နှစ်ကြား ထိုင်းလူငယ်ရော ရှမ်းလူငယ်တွေပါ ရန်ဖြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ မော်တော်ဆိုင်ကယ်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့ထဲက လူငယ်အချို့ဟာ ရည်းစားလုမှုနဲ့ ရန်ငြိုးရန်စရှိခဲ့တယ်။ ပြဿနာဖြေရှင်းဖို့ တံတားနားချိန်းဆိုပြီး နှစ်ဦးချင်း လက်သီးချင်းယှဉ်ထိုးသတ်ခဲ့ကြတယ်။ တဘက်က ရှုံးနိမ့်ပြီး ဒဏ်ရာရသွားတော့ ဆိုင်ကယ်နဲ့ အေးဆေးပြန်ထွက်လာတယ်။ ဒါပေမဲ့ နိုင်တဲ့ဘက်က မကျေချမ်းနိုင်ဘဲ ဆိုင်ကယ်နဲ့ နောက်ထပ်လိုက်လာ ရန်စောင်တယ်။ ဒါကြောင့် လမ်းပေါ်မှာ ဆိုင်ကယ်စီးရင်းနဲ့ ရန်ဖြစ်ကြပြန်တယ်။ ပထမရန်ပွဲ ရှုံးနိမ့်သူဘက်က ဆိုင်ကယ်မှာ လူငယ် ၃ ယောက် စီးလာပြီး ဒဏ်ရာနဲ့တဘက် ရန်ဖြစ်ရတာ တဘက်မို့ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ ရထားသံလမ်းဘေး မြောင်းထဲ ထိုးကျသွားတယ်။ ၃ ယောက်လုံး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ရန်ဖြစ်မှု ကျူးလွန်သူ ၁၈ ယောက်နဲ့ ဆိုင်ကယ်တွေ သိမ်းဆည်းပြီး အများပြည်သူပိုင်လမ်းပေါ်မှာ အချိန်မတော် ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ အရေးယူသွားမဲ့အပြင် နှစ်ဘက် အုပ်ထိန်းသူမိဘတွေကိုပါ ခေါ်ယူပြီး မိမိသားသမီးတွေကို ကောင်းစွာသွန်သင်ဆုံးမဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
Source: Workpoint News











