
ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ဖြစ်တဲ့ ဒီပါဝလီပွဲတော်ကို နိုဝင်ဘာ ၈ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က Dev Mandir ဘုရားကျောင်းမှာ ထိုင်း-ဟိန္ဒူ အသိုက်အဝန်းက ကျင်းပ ဆင်နွှဲခဲ့ကြပါတယ်။
ဒီပါဝလီပွဲတော်ကိုတော့ နှစ်စဉ် ဆောင်းဦးအချိန်မှာ ကျင်းပလေ့ရှိကြပြီး ဒီပါဝလီပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ ပွဲတော်တွေထဲက အကျော်ကြားဆုံးတခုလည်း ဖြစ်ပါတယ်။
ဒီပါဝလီပွဲတော်ကို ဆင်နွှဲဖို့ ဘုရားကျောင်းကို ရောက်ရှိနေတဲ့ Uthai က “ကျနော့်အတွက်တော့ ဒီဝါလီပွဲတော်ဆိုတာ ငယ်ငယ်ကတည်းက ဆင်နွှဲခဲ့တဲ့ ပွဲတော်တခုပါ။ ကလေးဘဝတုန်းကတော့ မီးရှူးမီးပန်းတွေ ဖောက်မယ်၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားပြီး ပျော်ပျော်ပါးပါး ဆင်နွှဲတာလောက်ပဲ သိခဲ့တာပါ။ ဒါပေမဲ့ အသက်ကြီးလာတဲ့အခါမှာတော့ ဒီပွဲတော်နဲ့ပတ်သက်ပြီး ပိုဖတ်လာတယ်၊ ဇာတ်လမ်းတွေ ဖတ်တယ်၊ ရာမ (Ramayan) ဇာတ်တော်ကို ဖတ်တယ်၊ ပြီးတော့ တခြားသူတွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိသလဲ၊ ဘာကြောင့် ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပွဲတော်တွေထဲက တခုဖြစ်လာရသလဲ ဆိုတာတွေကိုပါ ဖတ်ရှုလေ့လာဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ခံစားချက်အရ ပြောရရင် ဒါဟာ အရမ်းကို ထူးခြားတဲ့ ရိုးရာဓလေ့တခုလို့ ထင်ပါတယ်” လို့ ပွဲတော်နဲ့ပတ်သက်တဲ့ ကိုယ်ပိုင်ခံစားချက်တွေကို မျှဝေခဲ့ပါတယ်။
ကမ္ဘာတဝန်းမှာ မီးထွန်းပွဲတော်အဖြစ် သိကြတဲ့ ဒီပါဝလီပွဲတော်ဟာ ဟိန္ဒူဘာသာမှာ အရေးအပါဆုံး ပွဲတော်တွေထဲက တခုဖြစ်ပါတယ်။
အမှောင်ထုအပေါ် အလင်းရောင်ရဲ့ အောင်နိုင်မှု၊ အဆိုးအပေါ် အကောင်းရဲ့ အောင်နိုင်မှုနဲ့ အဝိဇ္ဇာအပေါ် အသိပညာရဲ့ အောင်နိုင်မှုတွေကို နာမ်ပိုင်းဆိုင်ရာအရ ကိုယ်စားပြုတာလည်း ဖြစ်ပါတယ်။
၅ ရက်ကြာကျင်းပတဲ့ ဒီပွဲတော်ကာလအတွင်းမှာ ဘုရားကျောင်းတွေ၊ နေအိမ်တွေမှာ ကောင်းမြတ်တဲ့ စွမ်းအင်တွေကို ဖိတ်ခေါ်ဖို့ ဆီမီးခွက်တွေ ထွန်းညှိကြပါတယ်။
ပွဲတော်ရဲ့ အဓိကအချက်ကတော့ ပူဂျာ (Puja - ပူဇော်ခြင်းဓလေ့) ဖြစ်ပြီး လာမဲ့နှစ်အတွက် ကောင်းချီးမင်္ဂလာတွေ ရရှိအောင် ဓနဥစ္စာနဲ့ ကြွယ်ဝချမ်းသာခြင်းကို ပေးသနားတဲ့ လက်ရှ်မီးမယ်တော်နဲ့ အခက်အခဲတွေကို ဖယ်ရှားပေးတဲ့ ဂနေ့ရှ် (သို့မဟုတ်) မဟာပိန္နဲ နတ်ဘုရားတွေကို အဓိကထား ဆုတောင်းပတ္ထနာပြုကြတာ ဖြစ်ပါတယ်။
Photo: စောမင်းသိန်း











