
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက စစ်အာဏာရှင်တပ်ရဲ့ တပ်စခန်း ၂ ခုကို စက်တင်ဘာ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်ပြီး စစ်အာဏာရှင်တပ်ကလည်း စစ်တွေ-ပုဏ္ဏားကျွန်း အစပ်ဒေသကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်တွေမြို့နယ်ရှိ ဝါဘိုကျွန်းက စစ်အာဏာရှင်တပ်စခန်း ၂ ခုကို အာရက္ခတပ်တော်က ထိုးစစ်ဆင် သိမ်းပိုက်ရှိပြီးနောက် စစ်တပ်အာဏာရှင်က စစ်တွေ-ပုဏ္ဏားကျွန်း အစပ်ဒေသကို စက်တင်ဘာ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့ မနက်အထိ လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ဝါဘိုကျွန်းမှာ ဒီရက်ပိုင်း တိုက်ပွဲဖြစ်နေတာရှိတယ်။ စစ်တပ်ရဲ့ တပ်စခန်းနှစ်ခုကို တပ်တော်က သိမ်းပိုက်ရရှိထားတာလည်းရှိတယ်။ စစ်တပ်ဘက်က အလောင်းတွေ၊ လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရရှိထားပြီး စစ်တပ်က မြေပြင်ထိုးစစ် အထိနာနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲနေတာ ဒီနေ့အထိဆိုရင် ၃ ရက်ရှိနေပြီ။ ဂျက်တွေ၊ Y-12 တွေ တရစပ်ဗုံးကြဲနေတာ။”
စစ်အာဏာရှင်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်ကို ထိုးစစ်ဆင်နိုင်ဖို့ စက်တင်ဘာ ၄ ရက်နေ့မှာ ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်ရဲ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်ကို ဗျူဟာမြောက် ပြောင်းလဲပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ရဲ့ ထိုးစစ် စစ်ဦးကျိုးကာ ပြန်ဆုတ်ခဲ့ရသလို သူတို့ရဲ့ အထိုင်စခန်းအချို့ကိုပါ ဆက်တိုက် လက်လွတ်ဆုံးရှုံးလာရတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ နေ့တိုင်း ပြုလုပ်လာနေတာကြောင့်လည်း ပုဏ္ဏားကျွန်းဒေသခံတွေ စိုးရိမ်နေကြပါတယ်။
စစ်အာဏာရှင်တပ်က ပုဏ္ဏားကျွန်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာက အာရက္ခတပ်တော်ကို စစ်တွေတိုက်ပွဲ စတင်ဖို့ ဖြစ်စေခဲ့တာကြောင့် ရခိုင်ပြည်ရဲ့ အဆုံးအဖြတ် တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ရခိုင်စစ်ရေး အကဲခတ်တယောက်က ပြောပါတယ်။
“စစ်တပ်အနေနဲ့ ပုဏ္ဏားကျွန်းထိုး ထိုးစစ်ဆင်လိုက်တာက စစ်တွေစစ်မျက်နှာမှာ AA ရဲ့ ငြိမ်သက်နေမှုကို ပြန်လည်နှိုးဆွလိုက်သလို ဖြစ်သွားပြီ။ အခု မြေပြင်မှာ သူတို့ရဲ့ အင်အားထောင်ချီသုံးထားတဲ့ စစ်ကြောင်းတွေ အတုံးအလဲ ရှုံးပြီး ထွက်ပြေးနေကြရသလို စခန်းတွေလည်း ဆက်တိုက်လက်လွတ်နေရတယ်။ ဒီအတိုင်းဆို စစ်တွေမြို့သိမ်းတိုက်ပွဲက တဆက်တည်း ဖြစ်သွားဖို့ များသွားပြီ။ စစ်တွေမြို့သိမ်းတိုက်ပွဲဖြစ်လာ၍ ရခိုင်စစ်မျက်နှာရဲ့ အဆုံးအဖြတ် စစ်ပွဲလည်း ဖြစ်လာနိုင်တာကြောင့် ပြည်သူ့တွေအနေနဲ့လည်း စစ်ရေးသတိ အထူးရှိလာဖို့ လိုအပ်ပါတယ်။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကလည်း မင်းချောင်းတံတားအနီးနဲ့ ခမောင်းတောရွာအနီးက စစ်တပ်ရဲ့ ကာကင်းစခန်း ၄ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ပုဏ္ဏားကျွန်းမှာ တပ်မ ၁၀၁၊ တပ်မ ၂၂ က တပ်သားတွေနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ပါဝင်တဲ့ စစ်သားတွေကို မူးယစ်ဆေးဝါးနဲ့ အရက်တွေ တိုက်ပြီး တိုက်ခိုင်းနေသလို စစ်ကြောင်းနဲ့ တွေ့ရှိတဲ့ ရခိုင်ပြည်သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေပါ မကျန် သတ်ဖြတ်ဖို့ အမိန့်ပေးထားတယ်လို့လည်း AA ထံဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေက ထွက်ဆိုထားကြပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့်လည်း စက်တင်ဘာ ၂၃ ရက်နေ့ ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာမှာ ကျေးရွာသားတယောက်နဲ့ စစ်ဘေးရှောင် အမျိုးသားတယောက်တို့ ထိခိုက်သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်တပ်က ပုဏ္ဏားကျွန်း ထိုးစစ်နဲ့အတူ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်တို့ကို တိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်မှုပြုလုပ်နေကြရပါတယ်။











