
နော်ဝေနိုင်ငံ၊ အော်စလိုမြို့က ကျနော်နေထိုင်ခွင့်ရတဲ့ ဖရီဒန်လွန် တိုက်ခန်းကနေပြီး လမ်းထိပ်ကို ထွက်ရင် လမ်းမကြီးပေါ်မှာ ၁၅ မိနစ် တစီးဖြတ်တဲ့ ဘတ်စ်ကားဂိတ် ရှိပါတယ်။ လမ်းမကြီးနဲ့ လမ်းသွယ်ဆုံရာ ဘယ်ဘက်ခြမ်းမှာ လှပတဲ့ အမျိုးသမီး ကိုယ်လုံးတီး ကျောက်ရုပ်တခု အုတ်ခုံပေါ်မှာ ရှိပါတယ်။ တကယ်တော့ အော်စလိုမြို့မှာက တိုင်းပြည်ကသိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမား ကျောက်ရုပ်တွေမှာသာ သက်ဆိုင်ရာ အဝတ်အစား ပါရှိတာကလွဲပြီး ကျန်တာက ကိုယ်လုံးတီး ရုပ်တုတွေချည်းပါပဲ။ တမြို့လုံးနေရာအနှံ့ ကျောက်ရုပ်ကြေးရုပ် တော်တော်ပေါပါတယ်။
အော်စလိုမှာက ကျနော့်အဖို့ စိတ်ဝင်စားစရာ နေရာတွေလည်း တော်တော်များပါတယ်။ ဒီကြားထဲ မထင်မှတ်ဘဲ လျှပ်တပြက်တွေ့ရတဲ့ မြင်ကွင်းတချို့ဆိုရင်လည်း ကျနော့်မှာ လမ်းသွားရင်း ရပ်ကြည့်ရ၊ တခါတလေများ မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ တမေ့တမော ကြည့်မိပါတယ်။ ဥပမာ ဘီးတွေအများကြီးပါတဲ့ စက်ဘီးတစီးတည်းကိုပဲ လူလေးယောက် ရှေ့နောက်တန်းစီပြီး ဟန်ချက်ညီညီ ခြေကျညီညီ စက်ဘီးနင်းသွားကြ၊ စက်ဘီးစီးသွားကြတာမျိုး၊ ပြီးတော့ တတောက်တောက်နဲ့ ခြေကျညီညီ ခပ်ဖြည်းဖြည်း မြင်းခွာသံကို အရင်ကြားရပြီးမှ တိုက်တွေကြား လမ်းချိုးပေါ် ဘွားခနဲပေါ်လာတတ်တဲ့ မြင်းစီးအမျိုးသမီး ပတ္တရောင်ရဲတွေ။ သူတို့ကတော့ ကတ္တရာလမ်းပေါ် မြင်းခွာသံ တကယ့်ကို ခပ်ဖြည်းဖြည်း၊ သူတို့အချင်းချင်းလည်း စကားအေးအေးဆေးဆေး ပြောရင်း ကျနော့်ရှေ့က ဝေးသွားတဲ့အထိ။ ဝတ်စုံပြည့် မြင်းစီးအမျိုးသမီး ပတ္တရောင်ရဲတွေ။ သူတို့ခါးမှာ တတောင်သာသာ နံပါတ်တုတ်တွေကလွဲပြီး ဘာလက်နက်မှ မပါ။ ကျနော့်မှာ ကြည့်လို့မဝ။ သဘောအကျကြီးကျ။
တခါများ ပါလာတဲ့ ကင်မရာနဲ့ ခွင့်တောင်းပြီး ဓာတ်ဖမ်းမယ် လုပ်တော့ သူတို့က ပြုံးပြ၊ ခေါင်းညိတ် သဘောတူ။ ဒါ ဥပမာတချို့ကို ပြောပြတာပါ။ ဪ ရှိသေးတယ်။ မြို့လယ်ကောင် လူကူးတံတားလေးတခုအောက်က ခဲနေတဲ့ ရေပြင်ပေါ်မှာ ရေခဲနှင်းမှုန်တွေ တကိုယ်လုံး ဖုံးနေတဲ့ကြားက အချိန်အကြာကြီး ရပ်နေတတ်တဲ့ မန်ဒါလီငှက်တွေ။
တကယ်တော့ တောသားမြို့ရောက် ဆိုတာမျိုး ဖြစ်မယ် ထင်ပါတယ်။ ထားတော့။ နောက်မှ ဒီအကြောင်းတွေ စာသတ်သတ် ရေးပါဦးမယ်။
ဒီဆောင်းပါးမှာ အဓိကထား ပြောချင်တာက လမ်းဘေးစာအုပ်ဆိုင်တွေအကြောင်းပါ။ အော်စလိုမှာ ကျနော် စိတ်အဝင်စားဆုံး စာအုပ်ဆိုင် ၂ ဆိုင် ရှိပါတယ်။ တဆိုင်က စာအုပ်အသစ်တွေချည်းပဲ ရောင်းတဲ့ စာအုပ်ဆိုင်နဲ့ စာအုပ်အဟောင်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ပါ။ နှစ်ဆိုင်စလုံး အမျိုးသားပြတိုက်ကြီးနဲ့ သိပ်မဝေးကြပါဘူး။ စာအုပ်အဟောင်းဆိုင်က အမျိုးသားပြတိုက်ကြီးနဲ့ မျက်စောင်းထိုးမှာ ရှိပြီး၊ စာအုပ်အသစ်တွေချည်းပဲ ရောင်းတဲ့ဆိုင်က အမျိုးသားပြတိုက်ကြီးရဲ့ ခြေရင်းဘက်ကပ်လျက် လမ်းထဲမှာပါ။
တနေ့မှာ ချစ်မိတ်ဆွေကြီး ကိုဒေါင်းညို (ဒေါက်တာ မောင်မောင်မြင့်) ရဲ့ ဦးဆောင်မှုနဲ့ စာအုပ်အသစ်တွေချည်းပဲ ရောင်းတဲ့ဆိုင်ကို ရောက်သွားပါတယ်။ (ကိုဒေါင်းညိုက အော်စလိုကို ၁၉၈၈ ကတည်းက ရောက်နေနှင့်သူ ဖြစ်ပါတယ်။) သူ ခေါ်သွားတဲ့ စာအုပ်ဆိုင်က ရှေ့မျက်နှာတခုလုံး မှန်တွေနဲ့ပဲ ကာထားတာဆိုတော့ လမ်းပေါ်ကကြည့်ရင် ဆိုင်ထဲက စာအုပ်စင်တွေ လမ်းပေါ်ကနေ အတိုင်းသားမြင်ရပါတယ်။ ဆိုင်ထဲရောက်လို့ တမိနစ်လောက်ရှိရင်ပဲ ဒီစာအုပ်ဆိုင်ဟာ ဘယ်လို စာအုပ်အမျိုးအစားတွေကိုပဲ ရောင်းတဲ့ဆိုင်ဆိုတာ ချက်ချင်း သိလာရပါတယ်။ အဲဒီအခါ ကိုယ့်ဘာသာတယောက်တည်း ပြုံးမိပါသေးတယ်။ စာအုပ်တွေကို လိုက်ကြည့်ရင်း တကယ်ကို ပြုံးမိတာပါ။ ကိုဒေါင်းညိုက ကျနော့်ကို ဘယ်လိုထင်ပြီး ဒီစာအုပ်ဆိုင်ကို ခေါ်လာပါလိမ့်ဆိုတာတွေးပြီး ပြုံးမိတာပါ။
အဲဒီစာအုပ်ဆိုင်ရဲ့ ထူးခြားချက်က တဆိုင်လုံး ကွန်မြူနစ်၊ ဆိုရှယ်လစ် ဆိုတဲ့ လက်ဝဲစာအုပ်များချည်းပဲ သီးသန့်ရောင်းတဲ့ဆိုင်ပါ။
နော်ဝေမှာက ကွန်မြူနစ်ပါတီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့် ရှိပါတယ်။ တခါတရံ လူစည်ကားတဲ့ ကာရိုဟန်လမ်းမကြီးဘေးမှာ ယာယီရွက်ဖျင်တဲလေးထိုး စာပွဲလေးတလုံးချပြီး စားပွဲပေါ်မှာ စာအုပ်စာတန်းတချို့ တင်ထားတဲ့ နော်ဝေကွန်မြူနစ်ပါတီ ဝါဒဖြန့်ချိရေး တဲကလေးပါ ရှိတတ်ပါတယ်။ စာပွဲဘေးမှာ လူတယောက် ထိုင်ပါတယ်။ လမ်းသွားလမ်းလာတွေကို စာအုပ်တွေ စာရွက်စာတမ်းတွေ ဝေတတ်ပါတယ်။
အခုလည်း ဒီစာအုပ်ဆိုင်ထဲမှာ ကွန်မြူနစ် ဆိုရှယ်လစ်ဆိုင်ရာ စာအုပ်စာတမ်းတွေ တော်တော်စုံပါတယ်။ စုံဆို ကျနော် ငယ်စဉ်က ရန်ကုန်မြို့ တရုတ်သံရုံးကပေးတဲ့ စာအုပ်တအုပ် အင်္ဂလိပ်ဘာသာနဲ့ တွေ့ရပါတယ်။ ငယ်စဉ်က တခုတ်တရ ဖတ်၊ သဘောတွေကျ၊ သူငယ်ချင်းတွေနဲ့ ငြင်းခုံ ရန်ဖြစ်ရတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်ကို ပီကင်းနိုင်ငံခြားသာသာ ထုတ်ဝေရေးဌာနက မြန်မာလို ဘာသာပြန်ပြီး ထုတ်ဝေထားတာပါ။ အီတလီကွန်မြူနစ်ပါတီ တိုဂလီယာတီအပေါ် တရုတ်ကွန်မြူနစ်ပါတီက တုံ့ပြန်ဝေဖန်ချက် စာအုပ်ပါ။ မတ်က်စ်၊ အိန်ဂျယ်၊ လီနင်၊ စတာလင်၊ မော်စီတုံးတို့ရဲ့ စာအုပ်တွေ တပုံတခေါင်းပါပဲ။ ကျနော် လက်လှမ်းမမီတဲ့၊ မဖတ်တတ်တဲ့ စာအုပ်တွေ အများကြီးပါပဲ။ ဥပမာ- မတ်က်စ်ရဲ့ အရင်းကျမ်း၊ အိန်ဂျယ်ရဲ့ ပုဂ္ဂလိကအိမ်ထောင်မှုအစ အစိုးရတို့၏ မူလဘူတ စာအုပ်။ ဪ ချေဂွေဗါးရား စာအုပ်တွေလည်း တွေ့ပါတယ်။ စာအုပ်အားလုံး နော်ဝေဘာသာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ စာအုပ်တွေပါပဲ။
စာအုပ်ဆိုင်ထဲ တနာရီကျော်ကျော်လောက် လိုက်ကြည့်နေတဲ့အချိန် ကျနော် သတိထားမိတဲ့အချက် ရှိပါတယ်။ ဒီစာအုပ်ဆိုင်ထဲ ဝင်လာကြ၊ ထွက်သွားကြသူ အများစုဟာ အသက်အရွယ်အားဖြင့် ကြီးရင့်သူတွေချည်းပဲဆိုတာ သတိထားမိပါတယ်။ ဪ ဟို ကာရိုဟန်လမ်းပေါ်က ကွန်မြူနစ်ပါတီ ဝါဒဖြန်ချိရေး ရွက်ဖျင်တဲကလေး စားပွဲဘေး ထိုင်နေသူကလည်း အသက် ၆၀ အရွယ် လူတယောက်ပါပဲဗျ။
နောက်ထပ် ကျနော် စိတ်ဝင်စားတဲ့ စာအုပ်အဟောင်းဆိုင်ကတော့ ကျနော့်ဘာသာ ရှာတွေ့တဲ့ စာအုပ်ဆိုင်ပါ။ အမျိုးသားပြတိုက်ကြီးနဲ့ မျက်စောင်းထိုး လမ်းဘေးမှာပါ။ အဲဒီစာအုပ်ဆိုင်က ဝင်ပေါက်မှာကတည်းက စာအုပ်တွေ အထပ်လိုက်အပုံလိုက် ချထားတာပါ။ အပြင်ဘက် လူသွားလမ်းဘေး တိုက်နဲ့ကပ်ပြီးလည်း စာအုပ်တွေ အထပ်လိုက် ချထားတာပါ။ ပထမဦးစွာ ရောက်တဲ့အချိန်တုန်းကတော့ ဝင်ပေါက်ကလည်းကျဉ်း၊ လူကလည်း သုံး လေးယောက်မို့ သေသေချာချာ အချိန်ယူပြီး မကြည့်နိုင်ခဲ့သေးပါဘူး။ စာအုပ်အားလုံး အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ စာအုပ်တွေချည်းပါပဲ။ တကယ်တော့ နော်ဝေမှာက အင်္ဂလိပ်ဘာသာက သူတို့ရဲ့ ဒုတိယမိခင်ဘာသာစကား ဖြစ်တာမို့ ကလေးလူကြီး ဘယ်သူမဆို အင်္ဂလိပ်လို ပြောတတ်၊ ဖတ်တတ်ကြသူချည်းပါပဲ။ သူတို့လူမျိုးအချင်းချင်းသာ နော်ဝေလို ပြောကြတာပါ။
ဒီစာအုပ်အဟောင်းဆိုင်မှာက အသက် ၆၀ ခန့်အရွယ် အဘိုးကြီးတယောက် အမြဲထိုင်တတ်ပါတယ်။ တခါတလေ မောင်နှမလို့ ယူဆရတဲ့ မိန်းကလေးနဲ့ ယောက်ျားလေးလူငယ်တွေ ထိုင်ပါတယ်။ ဒါပေမဲ့ စာအုပ်တွေအကြောင်း ဘယ်လိုစာအုပ်တွေက ဘယ်နေရာမှာ ရှိတတ်တယ်ဆိုတာ အဘိုးအိုပဲ ကောင်းကောင်း သိပါတယ်။ စာအုပ် လိုချင်သူက စာအုပ်နာမည်ပြောပြလို့ ရုတ်တရက် ရှာမတွေ့ရင် စာအုပ်နာမည်ကို စာရွက်မှာ ရေးပေးထားခဲ့၊ ဖုန်းနံပါတ်ပေးထားခဲ့ရပါတယ်။ နောက်ရက်တွေကျ လိုချင်တဲ့ စာအုပ်ရှိရင် ဖုန်းဆက်အကြောင်းကြား သွားယူလို့ရပါတယ်။ အဲဒါကျတော့ ငယ်တဲ့ကလေးနှစ်ယောက်က ရှာပေးထားကြတာပါ။ အဲဒီနည်းနဲ့ သုံးကြိမ်လောက် ကျနော် စာအုပ် ဝယ်ခဲ့ဖူးပါတယ်။
တခါမှာတော့ စာအုပ်ဆိုင်လေးရဲ့ အပေါ်ထပ်ကို တက်ကြည့်ပါတယ်။ စာအုပ်တွေက အောက်ထပ်မှာကတည်းက နေရာလပ်မရှိ နံရံအားလုံးအပြည့် အပေါ်အမိုးရောက်တဲ့အထိ စီထားထပ်ထားတာပါ။ ဝင်လာတဲ့သူ ၄ ယောက်လောက်ရှိရင်ပဲ စာအုပ်ဆိုင်ထဲ နေရာလပ်မရှိတဲ့အထိ လူရပ်လို့ရသလောက်အထိ စာအုပ်တွေနဲ့ ပြည့်နေတာပါ။ သဘောကျဖို့လည်း ကောင်း၊ အံ့ဩဖို့လည်း ကောင်းတာက စာအုပ်နာမည် ပြောလိုက်ရင်ပဲ ဆိုင်ရှင်အဘိုးကြီးက အဲဒီစာအုပ် ဘယ်နေရာလောက်မှာရှိတယ်ဆိုတာ တပ်အပ်သိပါတယ်။ ထပ်ထားတဲ့ စာအုပ်တွေက မြင့်တော့ များတော့ သူ့ခမျာ ခုံပေါ် တက်မယူနိုင်တော့ ဝယ်ချင်သူက သူ ညွှန်တဲ့နေရာ ကိုယ်တိုင် ယူရပါတယ်။ အဲ ကျနော်တို့လို အောက်ခြေလူတန်းစားတွေအဖို့ ဈေးတော့ နည်းနည်းကြီးသဗျ။
တရက်မှာတော့ အပေါ်ထပ်ကို ကျနော် တက်သွားပါတယ်။ အပေါ်တက်တဲ့ လှေကားထစ်တွေမှာ ဆိုရင်လည်း လူတယောက် သွားသာရုံလောက်ပဲ ကျယ်ပါတယ်။ စာအုပ်တွေ အထပ်လိုက်ချ ထားတာပါပဲ။ သိပ်မမြင့်တဲ့ အပေါ်ထပ်ရောက်တော့ နေရာစုံစာအုပ်တွေနဲ့ ပြည့်နှက်နေတာများ တကယ့်ကို တပုံတခေါင်းပါပဲ။ ခွေးခြေပုလေးတခုမှာ စာအုပ်ထိုင်မြည်းလို့ ရပါတယ်။ နံရံအမြင့်ပေါ်က စာအုပ်တွေ တက်ကြည့်ဖို့ လှေကားလေးလည်း ရှိပါတယ်။ အဲဒီ ပထမအကြိမ် အပေါ်ထပ် တက်ကြည့်တဲ့ အခေါက်မှာပဲ အင်္ဂလိပ်ဘာသာနဲ့ ရုရှား ကဗျာစာအုပ်တအုပ် ကျနော် ရလိုက်တာပါ။
တရက်မှာတော့ ဆိုင်ရှင်ကောင်လေးနဲ့ ကောင်မလေးက ဆိုင်အပေါ်ထပ်ကို ခေါ်ပါတယ်။ အပေါ်ထပ်ရောက်တော့ ကျနော် ကြိုက်မယ်ထင်တဲ့စာအုပ် ၅၀ လောက် ခုံပုလေးဘေး ချထားပြီး ကြိုက်တာ ထိုင်ရွေးလို့ ရပါတယ်လို့ ပြောကြပါတယ်။ သူတို့က လေး ငါး ဆယ်ခေါက်လောက် ရောက်လာပြီးတဲ့ ကျနော့်ကို ဘယ်လိုစာအုပ်တွေ ရှာထားပေးရမလဲဆိုတာ သိကြလို့ ကျနော့်အတွက် သီးသန့်စာအုပ်ရွေး ပုံပေးကြတာပါ။ အဲသလိုနဲ့ အဲဒီစာအုပ်ဆိုင်ကနေပြီး ကျနော် အင်မတန် စိတ်ဝင်စားတဲ့ လက်တင်အမေရိက၊ အာဖရိက၊ ဥရောပစာအုပ်တွေ အုပ် ၃၀ လောက် ရခဲ့တယ်ပဲ ဆိုပါတော့။ နောက်တော့ ဆိုင်ရှင်တွေနဲ့ ကျနော်လည်း တော်တော်ရင်းနှီးခင်မင်ရတော့တာပေါ့။ ဒီလိုနဲ့ အဲဒီစာအုပ်ဆိုင်ကို မဝယ်လည်းရောက်၊ ဝယ်လည်းရောက် ဆိုတော့ ဝယ်ချင်တဲ့စာအုပ် သတ်သတ်ရွေးသိမ်းထားခိုင်းပြီး လခထုတ်မှ သွားဝယ်လို့ ရတာမျို၊ နောက်ဆုံး ပတ်စ်ပို့စာအုပ်မိတ္တူပေး ငှားဖတ်လို့ရတဲ့အထိ မိတ်ဆွေဖြစ်ခဲ့ပါတယ်။
တကယ်တော့ အဲဒီအချိန်က အော်စလိုက လူဦးရေ ၃ သိန်းကျော်ပဲ ရှိတာလေ။ တနိုင်ငံလုံးမှ ၄ သန်းကျော်ပဲ ရှိတာပါ။ ဘန်ကောက်တမြို့တည်း လူဦးရေ ၄ သန်းကျော်ဆိုတော့ သူတို့လည်း တအံ့တဩပေါ့။ အော်စလိုက ပဲခူးမြို့လောက်ပဲ လူဦးရေ ရှိတာလေ။ စာအုပ်ဆိုင်လည်း များများစားစား မရှိပါဘူး။ ရှိရင်လည်း အဲဒီ ၂ ဆိုင်ထက် ငယ်ကြတာ များပါတယ်။
ကျနော်ကတော့ အော်စလိုမှာ နေခဲ့တဲ့ ၄ နှစ်အချိန်ကာလဆိုတာ အဲဒီစာအုပ်အဟောင်းဆိုင် တခုတည်းနဲ့တင် တန်တယ်လို့ ယူဆမိပါတယ်။
ငြိမ်းဝေ










