
၁။
၁၉၉၅။ အော်စလိုမြို့။ DVB အသံလွှင့်ဌာနမှာ အသံလွှင့်သမားအဖြစ် တာဝန်ထမ်းဆောင်စဉ်က ကျနော်တို့အားလုံး စာတိုက်ကို အလှည့်ကျ သွားကြရပါတယ်။ စာတိုက်က အသံလွှင့်ဌာနနဲ့ သိပ်မဝေးပါဘူး။ ၁၅ မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်ပါတယ်။ စာတိုက်သွားဖို့ အလှည့်ကျသူက စာတိုက်ကိုသွား၊ စာတိုက်မှာရှိတဲ့ DVB စာတိုက်ပုံးကိုဖွင့်ပြီး ရောက်နေတဲ့စာတွေ ယူရပါတယ်။
ကျနော်က စာတိုက်သွားရတဲ့နေ့ဆိုရင် ပျော်ပါတယ်။ ပျော်ရတဲ့အချက် ၂ ချက် ရှိပါတယ်။ တချက်က လမ်းချိုးတခုရောက်ရင် တိုက်တလုံးရဲ့ ခေါင်းရင်းဘက်နံရံမှာ နော်ဝေပန်းချီဆရာကြီး “အက်ဗတ်မွန့်ခ်” ရဲ့ “အော်သံ” ပန်းချီကားကို နံရံအပြည့် ပုံတူပြန်ဆွဲထားတာ ဘယ်နှခါကြည့်ကြည့် ကျနော်အားမရနိုင်ပါဘူး။ အသွားတခါ အပြန်တခါ တစိမ့်စိမ့်ကြည့်ပါတယ်။ နောက်တချက်ကတော့ စာတိုက်နဲ့ မျက်စောင်းထိုးက ပစ္စည်းအဟောင်းရောင်းတဲ့ဆိုင်ပါ။ အဲဒီဆိုင်ထဲလည်း စာတိုက်သွားရတဲ့အချိန်တိုင်း ဝင်ကြည့်ပါတယ်။ ကိုယ်လိုချင်တဲ့ ပစ္စည်းလေးတွေ ဈေးချိုချိုနဲ့ရနိုင်တာမို့ အနည်းဆုံး မဝယ်ဖြစ်သည့်တိုင် ဆိုင်ထဲ ဝင်ဖြစ်အောင်တော့ ဝင်ကြည့်ဖြစ်တာပါပဲ။ ဒါကြောင့်မို့ စာတိုက်သွားတဲ့နေ့ဆိုရင် ကျနော် ပျော်တယ်။ တကယ်တော့ အော်စလို ရောက်တာကလည်း မကြာသေး၊ နေရာအတော်များများကို အဖော်မပါဘဲ မသွားတတ်သေးချိန် ရုံးနဲ့သိပ်မဝေး၊ ခြေလျင်လည်း သွားလို့ရတော့ စာတိုက်သွားရတာကို ကျနော် သဘောခွေ့နေတဲ့ သဘောပါပဲ။
ဒီနေရာမှာ အလျဉ်းသင့်တုန်း အဲဒီ အော်သံ ပန်းချီကားကြီး ရေးထားတဲ့ တိုက်ကြီးအကြောင်း အရင်ပြောပြချင်ပါသေးတယ်။ သည်တိုက်ကြီးက မျက်နှာစာမှာ လူဝင်ပေါက်တပေါက်ပဲရှိပြီး အဲဒီမျက်နှာစာမှာ ငြိမ်းချမ်းရေးချိုးငှက်ပုံ၊ ပန်းပုံ၊ သွေးအိုင်လိုလို မျက်ရည်စက်တွေလို ပုံတွေကို စပရေး မှုတ်တဲ့ဆေးနဲ့ ရေးချယ်ထားပါတယ်။ အသေအချာ ရေးထားဆွဲထားပေမဲ့ တခြား နော်ဝေလို ရေးထားတဲ့စာတွေကြောင့် ပုံတွေအားလုံး ရှုပ်ယှက်ခတ်သလို ဖြစ်နေပါတယ်။ သိသိသာသာ ထူးခြားတာက လူဝင်ပေါက်တံခါးရဲ့ အပေါ်တည့်တည့်မှာ လက်သီးဆုပ်ထားတဲ့ လက်တဖက် ထောင်လျက် ရေးဆွဲထားတဲ့ပုံပါ။ တိုက်ထဲကို ဘယ်သူပဲဝင်ဝင် ဝင်တဲ့သူဟာ အဲဒီလက်သီးဆုပ်ကြီးအောက် ခေါင်းငုံ့ပြီး ဝင်ရသလို ဖြစ်စေပါတယ်။ ဒီတိုက်ကြီးက မျက်နှာစာမှာ ငြိမ်းချမ်းရေးချိုးငှက်ပုံ၊ လက်သီးဆုပ်ထောင်ထားတဲ့ပုံ၊ ပြီးတော့ ခေါင်းရင်းဘက် တိုက်နံရံအပြည့် ဆွဲထားတဲ့ အော်သံပန်းချီကား။ ဒါတွေကိုကြည့်ပြီး ကျနော့်စိတ်ထဲ သည်တိုက်ပိုင်ရှင်က နိုင်ငံရေး၊ လူမှုရေးနွှယ်တဲ့ အကြောင်းအရာတခုခုကို ရည်ညွှန်းချင်လို့ သည်လို ပြင်ဆင်ထားတာများလားပေါ့။ နောက်တော့မှ ကျနော့်မိတ်ဆွေ နော်ဝေလူမျိုးတယောက်က သည်တိုက်ကြီးအကြောင်း နည်းနည်းရှင်းပြမှ အကြောင်းစုံ ကျနော် သိရတာပါ။
သည်တိုက်ကြီးက ပုဂ္ဂိလပိုင်တိုက် မဟုတ်ပါဘူး။ အော်စလို မြူနီစီပယ်က ပိုင်တဲ့တိုက်ပါ။ သည်တိုက်ကြီးရဲ့ ထူးခြားချက်က အိုးမဲ့အိမ်မဲ့ ဘယ်သူမဆို သည်တိုက်ကြီးမှာ ခဏတဖြုတ် လာနေလို့ရပြီး လာနေသူတိုင်းကို ထမင်းလည်း ကျွေးတယ်လို့ ဆိုပါတယ်။ အမြဲနေထိုင်ခွင့်တော့ မရှိပါဘူး။ ခဏတဖြုတ်ပဲ နေခွင့်ရတာပါ။ အော်စလိုကို ကျနော် ရောက်မလာခင် ၂ နှစ်ကျော်က သည်တိုက်ကြီးကို အိုးမဲ့အိမ်မဲ့တချို့က ဖယ်မပေးဘဲ အပိုင်စီးတဲ့သဘော သိမ်းပိုက်ထားခဲ့ကြဖူးတယ်တဲ့။ တာဝန်ရှိသူတွေနဲ့ အဲဒီအပိုင်စီးထားသူ အိုးမဲ့အိမ်မဲ့တွေ တော်တော်လေး ဆွေးနွေးညှိနှိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တော့မှ ဆွေးနွေးလို့ သဘောတူကြပြီး အော်စလိုမြူနီစီပယ်က တိုက်ကို ပြန်ရခဲ့တာပါ။ အဲဒီအချိန်ကစပြီး အဲဒီတိုက်ကြီးကို အိုးမဲ့အိမ်မဲ့တွေရဲ့ ကွန်မြွန်းလို့ သူတို့ဘာသာသူတို့ နာမည်ပေးခဲ့ကြတယ် ဆိုပါတယ်။ ကျနော် စဉ်းစားတာက အဲဒီပြဿနာကို တာဝန်ရှိသူတွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို သဘောကျနေမိလို့ပါ။
အဲဒီတော့ ကျနော်က အော်သံ ပန်းချီကားကြီး ဆွဲထားတဲ့ ပန်းချီကားရှိတဲ့ အဲဒီတိုက်ကြီးကို ဓာတ်ပုံတွေရိုက်၊ သဘောလည်းကျပေါ့။ ကျနော် စိတ်ဝင်စားတဲ့ အဲဒီတိုက်နားကဖြတ်၊ အော်သံပန်းချီကားကြီး ငေးမောရင်း သွားရတာမို့ စာတိုက်သွားရမဲ့နေ့ဆို ကျနော် ပျော်တယ်လေ။
၂။
အသံလွှင့်ဌာနရုံးကနေ စာတိုက်သွားရရင် နောက်ထပ် ကျေနပ်နေမိတဲ့ အချက်က ပစ္စည်းအဟောင်း ရောင်းတဲ့ဆိုင်ကြောင့်ပါ။
တရက်မှာတော့ စာတိုက်ကို မဝင်ခင် ပစ္စည်းအဟောင်းရောင်းတဲ့ဆိုင်ထဲ ကျနော် ဝင်ခဲ့ပါတယ်။ လကုန်ကာနီး ကိုယ်ကြိုက်တာတွေ့လည်း မှတ်ထားပြီး လစာထုတ်ရင် လာဝယ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဆိုင်ထဲဝင်လိုက်တာပါ။ ပြထားတဲ့ပစ္စည်းတွေက အဟောင်းသာဆိုတယ် အသစ်အတိုင်းပါပဲ။ အဟောင်းဈေးဆိုတော့ ဈေးလည်းချိုတယ်။ ကျနော်တို့လို ဝင်ငွေနည်းတဲ့သူတွေအဖို့ အဆင်ပြေတာပေါ့။ အဲဒီနေ့က ဦးထုပ်တွေချိတ်ထားတဲ့နေရာမှာ ဦးထုပ်အသစ်တွေချိတ်ထားလို့ စိတ်ဝင်တစား သွားရပ်ကြည့်ပါတယ်။ ချက်ချင်းဆိုသလို ပန်းနုရောင် သိုးမွေးခေါင်းစွပ် ဦးထုပ်ကလေးတလုံးကို ကျနော် တော်တော်ဝယ်ချင်စိတ် ဖြစ်လာပါတယ်။ ဦးထုပ်ကလေးက တကယ့်သိုးမွေးအနု ပန်းရောင်လေး။ အော်စလို ရာသီဥတုနဲ့ တကယ့်ကို အံကိုက်။ နွေးထွေးပြီး လှတဲ့ဦးထုပ်လေး။ ကျနော် စိတ်နဲ့ တေးမှတ်ထားလိုက်ပါတယ်။ စာတိုက်ကို ပြန်သွား၊ ရုံးကိုပြန်ရောက်သည့်တိုင် ကျနော့်စိတ်က အဲဒီသိုးမွေးဦးထုပ်ကလေးဆီကိုပဲ ရောက်နေတာပါ။ ပြီးတော့ ဦးထုပ်လိုချင်ဇောကြီးနေလို့ အပြန်မှာ တိုက်နံရံကြီးပေါ်က အော်သံ ပန်းချီကားကိုတောင် မော့ကြည့်ဖို့ မေ့ခဲ့တဲ့အထိပါပဲ။
ရုံးပြန်ရောက်တော့ ကျနော်က ဦးထုပ်ကလေးအကြောင်း လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ ထုတ်ပြောမိပါတယ်။ ဦးထုပ်ကလေး လှကြောင်း၊ ဝယ်ချင်ကြောင်း လစာထုတ်ရင် ချက်ချင်းသွားဝယ်မှာဖြစ်ကြောင်း ရင်ဖွင့်ပါတယ်။ အဲဒီအချိန် စားပွဲမှာထိုင်နေသူက နှစ်ယောက်တည်းပါ။ လက်ထောက်ညွှန်ကြားရေးမှူး အန်တီပြုံး (ဒေါ်ခင်ပြုံး) နဲ့ မသီတာတို့ နှစ်ယောက်ပါ။ အန်တီပြုံးက ကျနော် ပြောပြတာကို စိတ်ဝင်တစား နားထောင်ပါတယ်။ ပြီးတော့ ကျနော့်ကိုလည်း စာနာလာဟန်တူပါတယ်။
“ကိုငြိမ်း ဒီလိုလုပ်လေ၊ လစာထုတ်ဖို့ကလည်း ၃ ရက်ပဲ လိုတော့တာ၊ ကိုငြိမ်းဝေ အန်တီ့ဆီက ပိုက်ဆံနည်းနည်းထုတ်ပြီး အဲဒီဦးထုပ် သွားဝယ်လေ၊ လစာထုတ်တော့ အန်တီ့ပိုက်ဆံ ပြန်ပေးပေါ့။”
ကျနော်က ချက်ချင်းဆိုသလို ဝမ်းသာအားရ ခရိုနာ ၁၀၀ အန်တီပြုံးဆီက ယူလိုက်ပါတယ်။ ပစ္စည်းအဟောင်းဆိုင်ဆီ အလျှင်အမြန် ချီတက်ရပြန်ပါတယ်။ ဆိုင်ထဲအဝင် ဦးထုပ်တွေထားတဲ့ နေရာ တန်းသွားပြီး ကျနော် သဘောကျနေတဲ့ ဦးထုပ်ကလေး ယူလိုက်ပါတယ်။ ကောင်တာမှာ ငွေရှင်းတော့ ခရိုနာ ၆၀ ပဲ ကျပါတယ်။
ဒီလိုနဲ့ ကိုယ်လိုချင်တဲ့ ဦးထုပ်ကလေးရတော့ ရုံးမှာကလည်း ကိုယ်လုပ်ရမဲ့အလုပ်တွေ ပြီးနေပြီဆိုတော့ ရုံးကို မပြန်သေးဘဲ ကာရိုဟန်လမ်းမကြီးဘက် လမ်းလျှောက်သွားလိုက်ပါသေးတယ်။ အော်စလိုရဲ့ လူအစည်ကားဆုံးလမ်းပေါ်မှာ ဝယ်လာတဲ့ ဦးထုပ်ဆောင်းပြီး လမ်းလျှောက်လာရတာ တော်တော်ပီတိဖြစ်ရပါတယ်။ သည်ကြားထဲ အဘိုးအို၊ အဘွားအို လင်မယားစုံတွဲနှစ်တွဲကလည်း ကျနော့်ကို ခေါင်းညိတ် ပြုံးပြတာ တွေ့ရတော့ ကျနော့်မှာ ပိုပြီး ကျေနပ်နေခဲ့မိပါတယ်။
ကာရိုဟန်လမ်းမကြီးပေါ် ကြည်ကြည်နူးနူး လမ်းလျှောက်ပြီး ပြန်အလာ ရုံးနားပြန်ရောက်တော့ အန်တီပြုံးတို့ကို ကြွားချင်တာနဲ့ ဦးထုပ်ကို လွယ်အိတ်ထဲ ထည့်လိုက်ပါတယ်။ ရုံးရောက်တော့ ထမင်းစားချိန်မို့ ထမင်းစားဖို့ စားပွဲကြီးမှာ လူစုံနေပါပြီ။ သည်ကြားထဲ အခန်းချင်းကပ်လျက် အခန်း နော်ဝေမြန်မာကောင်စီဥက္ကဋ္ဌ အခန်းက နော်ဝေလူမျိုး စာရေးမလေး နှစ်ယောက်ကလည်း ထမင်းအတူစားဖို့ ဝင်ထိုင်နေကြပါတယ်။ ကျနော်က ဘာမှမပြောဘဲ စားပွဲမှာ ဝင်ထိုင်လိုက်ပါတယ်။
“ဦးငြိမ်း ဦးထုပ်သွားဝယ်တာဆို၊ ဝယ်ခဲ့ပြီမို့လား၊ သီတာတို့ကို ပြပါဦး၊ လှရဲ့လား ကြည့်ချင်လို့။”
ထိုအခါကျမှ ကျနော်က မှင်သေသေဖြင့် လွယ်အိတ်ထဲက ဦးထုပ်ကိုဆွဲထုတ်ပြီး အန်တီပြုံးရှေ့က ခုံလွတ်ပေါ် တင်ပေးလိုက်ပါတယ်။
“ဦးငြိမ်း ဝယ်လာတဲ့ဦးထုပ်က ဒါလား”
ကျနော်က ဟုတ်မှန်ကြောင်း မသီတာကို ခေါင်းညိတ်ပြလိုက်ပါတယ်။ ထိုစဉ်မှာပဲ မသီတာဆီက စကားတခွန်း ထွက်ခဲ့ပါတယ်။
“ဟင် ဒါက အဘွားကြီးတွေဆောင်းတဲ့ ဦးထုပ်လားလို့”
ကျနော်က ထိတ်လန့်တုန်လှုပ်သွားတဲ့စိတ်ကို ထိန်းကာ ထမင်းကိုသာ ခေါင်းငုံ့စားနေလိုက်ပါတယ်။ ထမင်းစားပြီးပြီးချင်း စားပွဲမှထကာ စတိုခန်းဘက် ထွက်လာခဲ့ပါတယ်။ မသီတာနဲ့ ဒေါ်ခင်ပြုံးက ဘာမျှမပြောတော့ဘဲ ငြိမ်နေခဲ့ကြပါတယ်။ နော်ဝေသူလေး နှစ်ယောက်ကတော့ ဗမာစကား မတတ်လို့ ကျနော်တို့ ဘာပြောကြတယ်ဆိုတာကို နားလည်ကြမယ် မထင်ပါ။
ခဏနေတော့ စတိုခန်းထဲကို အန်တီပြုံး ရောက်လာပါတယ်။ ကျနော်က အန်တီပြုံး ပြောမဲ့စကားကို မစောင့်တော့ဘဲ ဦးထုပ်ကလေးကို အန်တီပြုံးပဲ ယူလိုက်ပါနော်လို့ ပြောကာ ခေါင်းငုံ့ထားလိုက်ပါတယ်။
အဲဒီအခါကျမှပဲ ကာရိုဟန်လမ်းမကြီးပေါ် အဲဒီဦးထုပ်ဆောင်းပြီး လမ်းလျှောက်နေတဲ့ ကျနော့်ကို အဘိုး အဘွား စုံတွဲနှစ်တွဲက ပြုံးပြ ခေါင်းညိတ်ပြခဲ့တဲ့ အကြောင်းရင်းကို သဘောပေါက်လာရပါတော့တယ်။
အဲဒီနေ့ကစပြီး ဒေါ်ခင်ပြုံးနဲ့ မသီတာကလည်း ဒီဦးထုပ်အကြောင်း ဘယ်သူမှ စကားမဟခဲ့ကြပါဘူး။ ကျနော်ကလည်း ဒီဦးထုပ်ကြီးဆောင်းကာ ကာရိုဟန်လမ်းမကြီးပေါ် လမ်းလျှောက်ခဲ့တာကို နော်ဝေမှ ထိုင်း-မြန်မာနယ်စပ် ပြန်တဲ့အထိ ဘယ်သူ့ကိုမျှ မပြောပြခဲ့တော့ပါ။











