DVB Logo
Home
ဆောင်းပါး
မေခ မလိခ၊ သံယောဇဉ်မြစ်ဆုံနဲ့ အမျိုးသားသွေဖည်မှု သို့မဟုတ် အမျိုးသားသစ္စာဖောက်မှု
DVB
·
July 23, 2026
Design: DVB
Design: DVB
Donate to DVB

(၁)

နေရောင်ခြည်တွေတစမကျန် ပျောက်ကွယ်သွားတဲ့အချိန်အထိ ကျောက်တုံးတခုပေါ် ကျနော် ထိုင်နေခဲ့ပါတယ်။

တနေ့လုံး လူတွေဥဒဟို သွားလာနေခဲ့တဲ့ ဧရာဝတီမြစ်အစ ကမ်းခြေသောင်ပြင်ပေါ်မှာ အခုတော့ လူတယောက်မှ မရှိတော့ပါဘူး။ မေခ မလိခ မြစ်နှစ်မြွှာဆုံရာနဲ့ မလှမ်းမကမ်း သောင်စပ်မှာ ရပ်ထားတဲ့ စက်လှေနှစ်စင်းဆီက မီးရောင်လဲ့လဲ့မြင်နေရပါတယ်။ မြစ်နှစ်မြွှာဆုံရာ ရေလယ်ခေါင် လောက်ဆီက ကျောက်ဆောင်ကို ရေတိုးနေတဲ့အသံကိုလည်း အတိုင်းသားကြားလာရပါတယ်။ 

ကျနော့်စိတ်ထဲ ကျောက်ဆောင်တွေကို ရေတိုးလို့ ကြားလာရတဲ့ ရေသံသည်ပင်လျင် ထူးခြားညင်သာလွန်းလှတယ်လို့ ထင်မိပါတယ်။ မြစ်တစင်းကို မွေးဖွားလိုက်တဲ့နေရာတခုရဲ့ ငြိမ်းချမ်းဆန်းသစ်မှု တည်ငြိမ်အေးချမ်းမှုနဲ့ မိုင်ထောင်ချီခရီးနှင်တော့မဲ့ ငြိမ်းချမ်းရေးခရီးသည် မြစ်တစင်းရဲ့ တေးသံလေများလားလို့လည်း စိတ်ထဲကြည်နူးလိုက်မိပါသေးတယ်။

အစတုန်းကတော့ ညရောက်လာရင် ချမ်းလာတော့မှာပဲဆိုတဲ့အသိနဲ့ လိုလိုမယ်မယ် အနွေးထည်ယူလာခဲ့ပေမဲ့ ကမ်းခြေပေါ် တိုက်ခတ်လာနေတဲ့ လေသည်ပင်လျင် ရေငွေ့ကြောင့်ပဲထင်ပါရဲ့ နွေးနေပါတယ်။ ခပ်ဝေးဝေး ကမ်းပါးယံကုန်းမြင့်နဲ့ ကုန်းမြင့်အောက်တည့်တည့် တန်းစီနေတဲ့ ဈေးဆိုင်တွေဆီက မီးရောင်တွေ တွေ့ရပါတယ်။ ဈေးဆိုင်တန်းတွေ ထိပ်နားလောက်ဆီက ဘုရားစေတီဟာလည်း မီးရောင်တွေ ထိန်နေတာတွေ့ရပါတယ်။

သည်နေရာကလေးဟာ ကျနော်ငယ်စဉ်ကတည်းက အိပ်မက်ထဲအထိ ထည့်မက်ခဲ့ရတဲ့နေရာပါပဲ။ မေခ မလိခ မြစ်နှစ်မြွှာ ဆုံရာနေရာမှာ တညလောက်လာပြီး အိပ်ချင်စမ်းပါဘိဆိုတဲ့ အိပ်မက်ဟာ အခုတော့ အသက်အရွယ် အိုမင်းလာချိန်ကြမှပဲ ကြုံရပါတော့တယ်။ ဒါပေမဲ့ ဒီအိပ်မက်က ကျနော့်ရဲ့ ငယ်အိပ်မက်လည်းဖြစ်ပြန် ထူးခြားဆန်းသစ်တဲ့ အိပ်မက်တခုလည်းဖြစ်ခဲ့တာမို့ အခုလို အချိန်တွေနှောင်းမှ ရောက်လာထိတွေ့ရသည့်တိုင် ကျနော် ကျေနပ်ပါတယ်။ အထူးသဖြင့် ငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့ ကျနော့်အိပ်မက်ထဲက မြစ်တစင်းရဲ့အစ၊ ကျနော်တို့ တမျိုးသားလုံးအတွက် သဘာဝတရားကြီးကပေးတဲ့ အမျိုးသားပိုင်မြစ်ကြီးတစင်းရဲ့အစမှာ တညတာ အိပ်ခွင့်ရတဲ့သဘောမို့ ကျနော် ပျော်ပါတယ်။ ဒါ့အပြင် ဒေသခံ ကချင်တိုင်းရင်းသားများက မိန်းမတောင်းခြင်း မင်္ဂလာဆောင်ခြင်းပြုကြတဲ့အခါ သည် မေခ မလိခ မြစ်နှစ်မြွှာကိုပဲ တိုင်တည်ပြီးမှ လက်တမ်းကဗျာလင်္ကာတွေ ရွတ်ဆိုကြလေ့ရှိတယ်ဆိုတာကို သွားတွေးမိတော့ ကျနော့်မှာ တကိုယ်လုံး သွေးများဆူပွက်လာတဲ့အထိ စိတ် လှုပ်ရှားရင်ခုန်ရပြန်ပါတော့တယ်။

(၂) 

မေခနဲ့ မလိခမြစ်ဆုံနေရာကလေးဟာ  စာဖွဲ့ဖို့ မလုံလောက်အောင်ကိုပဲ လှပပြီး သစ်လွင်လွန်းပါတယ်။ ဒါ့အပြင် မြစ်နှစ်စင်းပေါင်းဆုံမိတဲ့ ဒီနေရာမှာပဲ ကျနော်တို့တနိုင်ငံလုံး ကျနော်တို့တမျိုးသားလုံးရဲ့ ရင်နှစ်သည်းခြာလို့ဆိုရမဲ့ ဧရာဝတီမြစ်ကြီး စတင်အသက်ဝင်လာတဲ့ နေရာဖြစ်တာရယ်၊ သူ့မှာ ထူးခြားလေးနက်တဲ့ အင်္ဂါရပ်တွေရယ်ကြောင့် ဒီမြစ်ဆုံနေရာဟာ ဒီနိုင်ငံရဲ့ အခြားနေရာအသီးသီးထက်ပိုပြီး ကျနော်စိတ်ဝင်စားနေမိတာများလားလို့လည်း တွေးမိပါတယ်။

ဧရာဝတီမြစ်ဟာ ကျနော်တို့နိုင်ငံရဲ့ မြောက်ပိုင်းအဖျား ဒီနေရာကနေပြီး တောင်ပိုင်း ဘင်္ဂလားပင်လယ်အော်အထိ မိုင်ပေါင်း ၁၃၀၀ ကျော် စီးဆင်းသွားနေတဲ့ မြစ်ကြီးတစင်းပါ။ သသင်္ကရိုဒ်ဘာသာအရဆိုရင် တချိန်တုန်းက ဒီမြစ်ကို “ဆင်မြစ်’ လို့ အမည်တွင်ခဲ့ပါသေးတယ်။ ကမ္ဘာကြီးပေါ်က အရှည်လျားဆုံးမြစ်တွေထဲမှာ ဆယ်စင်းမြောက်မြစ်တစင်း ဖြစ်ပါတယ်။

ဒီမြစ်နဲ့ပတ်သက်ပြီး မိုးလေဝဿပညာရှင် ဦးထွန်းလွင်ပြောဖူးတဲ့စကားအရ ပြောရရင် ကမ္ဘာပေါ်မှာရှိတဲ့ မြစ်အားလုံးဟာ အချက်သုံးချက်အနက် တချက်ချက်အပေါ် မူတည် စီးဆင်းရှင်သန်ရတယ်လို့ ဆိုပါတယ်။ ပထမအချက်က ရေခဲတောင်များမှ အရည်ပျော်ကျတဲ့ရေနဲ့ ရှင်သန်ရခြင်း၊ ဒုတိယအချက်ကတော့ မိုးရေနဲ့ ရှင်သန်ရတဲ့ မြစ်အမျိုးအစားဖြစ်ပြီး တတိယအချက်ကတော့ ရေအောက်ရေလမ်းကြောင်းများကို အားပြုစီးဆင်းရတဲ့မြစ်ဆိုပြီး မြစ်အမျိုးအစား သုံးမျိုးရှိတယ်လို့ဆိုပါတယ်။ ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကတော့ သဘာဝကပေးတဲ့ မြစ်အမျိုးအစားထဲမှာ ကံကောင်းထောက်မစွာပဲ အချက် နှစ်ချက်အပေါ် မူတည်စီးဆင်းတဲ့ မြစ်ကြီးတစင်းဖြစ်နေတာသွားတွေ့ရပါတယ်။ ဟိမဝန္တာရေခဲတောင်ကြီးက အရည်ပျော်စီးဆင်းတဲ့ရေနဲ့ မြေအောက်သဘာဝရေစီးကြောင်းများကြောင့်လည်း နွေမိုးဆောင်း ရေမပြတ်တဲ့ အင်မတန်ထူးခြားကံကောင်းတဲ့ အချက်နှစ်ချက်အပေါ် မူတည်စီးဆင်းတဲ့မြစ်ပါပဲ။

ဒါ့အပြင် ဒီမြစ်ဟာ ကျနော်တို့အမျိုးသားတဦးတည်းပိုင် မြစ်ကြီးပါပဲ။ ဥပမာ မဲခေါင်မြစ်ဆိုပါစို့။ ဗီယက်နမ်၊ လာအိုနဲ့ တရုတ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းတာဖြစ်လို့ သုံးနိုင်ငံခွဲပြီးပိုင်တဲ့ မြစ်တစင်းဖြစ်ပါတယ်။ ဧရာဝတီမြစ်ကတော့ မြစ်အစ မြစ်အဆုံး ကျနော်တို့ နိုင်ငံအတွင်းမှာပဲရှိနေတာမို့ ကျနော်တို့ရဲ့ ဘယ်နိုင်ငံနဲ့မှ ပါတသက်ဆက်စပ်ခြင်းမရှိတဲ့ တကယ့် သဘာဝရတနာ အမျိုးသားပိုင် မြစ်ကြီးတစင်းပါပဲ။ ကံကြမ္မာကပေးတဲ့ မဟာဆုလာဘ်ကြီးပါပဲ။ 

ဒီလိုတွေးမိတဲ့အခါ ဧရာဝတီမြစ်ကြီးကို လွတ်လွတ်လပ်လပ် ပိုင်ဆိုင်ခွင့်ရတဲ့ ကျနော်တို့တမျိုးသားလုံးရဲ့ ကံဇာတာကို အံ့သြကျေနပ်မိပါတယ်။ ဂုဏ်ယူလေးနက်မိပါတယ်။ ဒီမြစ်ကြီးရဲ့ မြစ်ကမ်း၊ မြစ်ဝှမ်းတွေမှာ ကျနော်တို့တမျိုးသားလုံးရဲ့ သမိုင်းဖြစ်ရပ်တွေ၊ မြို့ပြတည်ထောင်ဖြစ်ထွန်းခဲ့မှုတွေဟာ အံ့မခန်းလောက်အောင် ကမ္ဘာကြီးက လေးစားရလောက်အောင် ရှိခဲ့ကြတာကို သွားတွေးမိပါတယ်။ 

အမေရိကန်လူမည်းခေါင်းဆောင် ဒေါက်တာလူမွန်းဘားရဲ့စကားတခုကို သတိရပြန်ပါတယ်။ သူက ငါ့မှာ အိပ်မက်တခုရှိတယ် ဆိုတဲ့စကား ပြောသွားခဲ့ပါတယ်။ ကမ္ဘာကြီးပေါ်မှာ အသားအရောင် ခွဲခြားဆက်ဆံတဲ့ခေတ်ကြီးကို နိဂုံးချုပ်စေရမယ်လို့ သူက အိပ်မက်မက်ခဲ့တာပါ။ အဲဒီအိပ်မက်ကို သူ တကယ်ပဲ အကောင်အထည်ဖော်ခဲ့ပါတယ်။

ကျနော်လည်းပဲ ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်ကလေးတခုကို အသက်အရွယ် အိုမင်းလာတဲ့အချိန် မသေခင် အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။ ကျနော် မက်ခဲ့ဖူးတဲ့ အိပ်မက်ကတော့ “မေခ မလိခမြစ်ဆုံမှာ တညလောက်အိပ်ချင်တယ်” ဆိုတဲ့ အိပ်မက်ပါပဲ။

အခုတော့ ကျနော့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီပေါ့။ မေခ မလိခမြစ်ဆုံမှာ တညတာ အိပ်စက်ခွင့်ရခဲ့ပြီပေါ့။ မေခ မေလိခ မြစ်ဆုံမှာ မွေးဖွားရှင်သန်လာတဲ့ အမိဧရာဝတီမြစ်ကြီးရဲ့ အသက်ဝင်စတင်အသက်ရှူသံကို နားထောင်ခွင့် ရခဲ့ပြီပေါ့။

(၄)

မေခ မေလိခ မြစ်နှစ်မြွှာဆုံဆည်းရာ၊ အမိဧရာဝတီမြစ်ကြီး စတင်အသက်ဝင်ရာ ဒီနေရာမှာ အခုတော့ ပြည်တွင်းပြည်ပ ခရီးသည်တွေ နေ့ညမပြတ်ရောက်လာလည်ပတ်နေကြပါပြီ။

သဘာဝအခင်းအကျင်းတွေ၊ သဘာဝအရင်းအမြစ်တွေ၊ သဘာဝကပေးတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကောင်းကျိုးတွေဟာ ဒီနေရာမှာ လတ်လတ်ဆတ်ဆတ်ကြီး ရှိနေပါသေးတယ်။

ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့၊ ဒီလို တမျိုးသားလုံးအတွက် ဂုဏ်ယူဖွယ်လည်းဖြစ် အားကိုးရာလည်းဖြစ်တဲ့ မြစ်တစင်း တန်ဖိုးမဲ့ရလေအောင်၊ ကျနော်တို့ တမျိုးသားလုံးရဲ့ ဂုဏ်အင်္ဂါကို ထိခိုက်ပွန်းပဲ့ရလောင် မလုပ်မိကြဖို့ကတော့ ဒီကနေ့ ကျနော်တို့မျိုးဆက်ရဲ့ မဟာတာဝန်ပဲဖြစ်ပါတယ်။

အခုတလော တမျိုးသားလုံးက မလိုလားတဲ့ ကန့်ကွက်ထားကြတဲ့ မြစ်ဆုံဆည်စီမံကိန်း တနည်းအားဖြင့်ပြောရရင် ကိုယ့်အကျိုးစီးပွားတခုတည်းကိုပဲကြည့်ပြီး တရုတ်ကို လာဘ်ထိုးဖို့ ကိုယ်အာဏာတည်မြဲရေးအတွက် မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ အမျိုးသားသစ္စာဖောက်တစုက လေသံပစ်လာပြန်ပါပြီ။

တကယ်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျနော်တို့ရဲ့ အမျိုးသားပိုင် ဧရာဝတီမြစ်ကြီးကို ဘယ်လိုအကျိုးစီးပွားနဲ့မှ အလဲအလှယ်လုပ်ပြီး ပျက်စီးအောင်မလုပ်မိကြဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ အခုတော့ အဲဒီမြစ်ဆုံမှာ ကမ္ဘာပေါ်မှာ ဆယ်ခုမြောက် အကြီးမားဆုံး ရေအားလျှပ်စစ်စက်ရုံကြီးဆောက်ဖို့အတွက် ရေကာကာတာကြီးတွေ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ကိစ္စက ခြိမ်းခြောက်ခံနေရဆဲဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းမျိုး ဒီလိုအလုပ်မျိုးကို လုပ်ကြမယ်ဆိုရင် ဒီလုပ်ငန်းဟာ အမျိုးသားသွေဖည်မှုကြီးတခုဖြစ်တယ်လို့ပဲ ယူဆဆန့်ကျင်ကြရမှာပါပဲ။

မေခ မလိခ မြစ်နှစ်မြွှာဆုံရာ၊ အမိဧရာဝတီမြစ်ကြီး စတင်မွေးဖွားရှင်သန်ရာ ဒီနေရာ ကမ္ဘာတည်သရွေ့ ရှင်သန်တည်မြဲပါစေ။ 

ငြိမ်းဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013