DVB Logo
Home
ဆောင်းပါး
မျက်ခုံးဖြူ ငှက်ဝါချောက်ငှက်နှင့် တောင်ဇလပ်ပန်းများ ရှိရာသို့
ငြိမ်းဝေ
·
October 21, 2026
Photo: NW
Photo: NW
Donate to DVB

(က)

တကယ်တော့ ဆိုင်ကယ်တစီးရဲ့ နောက်မှာ ဆိုင်ကယ် ကယ်ရီသမားကို အသေအချာ တင်းနေအောင် သိုင်းဖက်ပြီး မျက်လုံးစုံမှိတ် လိုက်ပါလာနေရင်းက “ငါ ဘာပြုလို့ ဒီကို ရောက်လာပါလိမ့်” ဆိုတဲ့ အတွေး တွေးခဲ့မိတာ အမှန်ပါ။

ဆယ်မိုင်စခန်းမှာ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ စကားပြောတဲ့အခါ လမ်းခရီးအခြေအနေကို မေးကြည့်တော့ “တချို့နေရာတွေကတော့ နောက်က သေသေချာချာ ဖက်ထားမှ ရမယ်ထင်တယ်။ နည်းနည်းမတ်တော့ လန်ကျတတ်တယ်” လို့ ဆိုင်ကယ် ကယ်ရီသမား ပြောလိုက်တဲ့ စကား ကြားကတည်းက ရင်ထဲ ထိတ်ခနဲတော့ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျနော်တို့အားလုံးက တောင်ပေါ်ရောက်ဖို့ကိုသာ စိတ်စောနေတာမို့ လက်ရှိအခြေအနေအမှန်ကို မှန်မှန်ကန်ကန် စဉ်းစားဖို့ အလေးမထားနိုင်ခဲ့ကြပါဘူး။

ဆိုင်ကယ်လေးစီးပေါ် ကိုယ်စီကိုယ်ငှ လိုက်ပါလာကာစက သွေးခဲလုမတတ် အေးတာနဲ့ လေတိုးလို့ ပိုပြီးအေးတာတခုကိုပဲ သတိထားခဲ့မိရာက ဝါးတရိုက်လောက် စီးလာရင်ပဲ လမ်းဘေးနှစ်ဖက်ကို သတိပြုမိလာကြတာပါ။ 

လမ်းက ဆိုင်ကယ်နှစ်စီး ရှောင်လို့ရရုံလောက်ပဲ ကျယ်ပါတယ်။ ကျောက်စရစ်ခဲလေးတွေ ကျိုးတိုးကျဲတဲရှိနေတဲ့ မြေလမ်းပါ။ တောင်စောင်းတွေကို ကွေ့ပြီး မော့တက်လိုက်တဲ့အခါ ဆိုင်ကယ်ဖင်က ဘေးကို တချက်ယမ်းပြီး ချောက်ကမ်းပါးထိပ်နဲ့ လက်တလုံးလောက်အထိ ရောက်ရောက်သွားရပါတယ်။ အသေအချာပြောနိုင်တာကတော့ တောင်ကွေ့တခုကိုရောက်တိုင်း တံတောင်ဆစ်ချိုးကွေ့တာနဲ့ တပြိုင်နက် မတ်စောက်လှတဲ့ တောင်တက်လမ်းကို တွေ့ရတော့မယ် ဆိုတဲ့အချက်နဲ့ ကံမကောင်းလို့ ဆိုင်ကယ် ဘီးချော်ပြီး သည့်ထက်နည်းနည်းပိုပြီး ခါလိုက် ယမ်းလိုက်မယ်ဆိုရင် အင်မတန်နက်လှတဲ့ ချောက်ကြီးထဲ ထိုးကျသွားမှာကလည်း သေချာတယ် ဆိုတဲ့ အချက်ပါပဲ။ 

အဲဒီအချိန်ကြကာမှပဲ “ဪ ငါလည်း ဘာပြုလို့များ ဒီကို ရောက်လာမိတာပါလိမ့် ”လို့ အကြောက်လွန်တဲ့စိတ်နဲ့ တွေးခဲ့မိတာပါပဲ။

သုံး လေးမိနစ်လောက်အထိတော့ ဘေးမှာကျန်နေခဲ့တဲ့ မတ်စောက်လှတဲ့ တောင်စောင်းတွေ ချောက်တွေကို အသည်းတယားယားနဲ့ လိုက်ကြည့်ရင်း ပါလာခဲ့ပေမဲ့ နောက်တော့ တလမ်းလုံး မျက်လုံးအလိုလို စုံမှိတ်ပြီးသာ၊ ဆိုင်ကယ်ကယ်ရီသမားရဲ့ ခါးကို တင်းတင်းကျပ်ကျပ် သိုင်းဖက်ရင်းသာ ဘုရားတပြီး လိုက်လာခဲ့မိပါတော့တယ်။ နာရီဝက်သာသာ ကြာတဲ့အခါ ဆိုင်ကယ်တွေ ဆက်ပြီးသွားလို့မရတော့တဲ့ မြေကွက်လပ်တခုကို ရောက်ပါတယ်။ 

မြေကွက်လပ်ထဲ ဆိုင်ကယ်တွေ စက်သတ်ရပ်လိုက်တဲ့အခါကျမှ ကျနော်တို့အားလုံး သက်ပြင်းကိုယ်စီချရင်း လမ်းခရီးအတွေ့အကြုံကို ပြန်ပြောရင်း ရယ်ရမလို ငိုရမလို ဖြစ်ကြရပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အားလုံး ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၁၀,၀၀၀ ကျော် ခေါ်နူးစုမ်တောင်ထိပ်နား ရောက်လာခဲ့ကြပါပြီ။ မော်တော်ဆိုင်ကယ်တွေက အဲဒီမြေကွက်လပ်မှာပဲ ရပ်ကြရပါတယ်။ နောင်ထပ် ငါးမိနစ်ကျော် ဆယ်မိနစ်နီးပါး ခြေလျင်ဆက်တက်လိုက်မယ် ဆိုရင်တော့ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၀,၂၀၀ မြင့်တဲ့ ခေါ်နူးစုမ်တောင်ထိပ်ကို ရောက်သွားတော့မှာပါ။ 

(ခ)

ကျော်ကြားလှတဲ့ “ခေါ်နူးစုမ်တောင်”ကို ယခင်တုန်းကတော့ “ဝိတိုရိယတောင်” လို့ ခေါ်ခဲ့ကြပါတယ်။ ဒါကတော့ အင်္ဂလိပ်အစိုးရလက်ထက် မျက်နှာဖြူအရေးပိုင်တယောက် ဒီနေရာမှာ လာရောက်အပန်းဖြေနေထိုင်ရင်းက “ဝိတိုရိယတောင်”လို့ ခေါ်ခဲ့ပြောခဲ့ကြတာပါ။ နောက်တော့ “နတ်မတောင်”လို့လည်း ခေါ်ပါတယ်။ အခုတော့ ချင်းလို “ခေါ်နူးစုမ်တောင်”လို့ပဲ တရားဝင်သုံးစွဲခေါ်ဝေါ်လာပြီလို့ ပြောနိုင်ပါတယ်။ ဘာပြုလို့လဲဆိုတော့ ခေါ်နူးစုမ် တောင်တက်လမ်း တွေ့သမျှ ဆိုင်းဘုတ်တွေမှာ “ခေါ်နူးစုမ်” ဆိုတဲ့ အမည်နာမကိုပဲ တွေ့ခဲ့ရလို့ပါပဲ။ ဒါကလည်း “စ” လုံးနဲ့ “စုမ်” ဆိုပြီး “စ” သံနဲ့ ပြောကြရေးကြတာက ဒီတောင်ပိုင်း ချင်းတောင်ဒေသသားတွေရဲ့ အသုံးပြုပုံဖြစ်ပြီး ချင်းတောင် မြောက်ပိုင်းသားတွေကတော့ “ဆ” လိမ်အသံထွက်နဲ့ “ဆုမ်” ဆိုပြီး ရေးကြ၊ ပြောကြတယ်လို့ ဆိုပါတယ်။ “ခေါ်နူးစုမ်” ဆိုတာ “မြင့်မြတ်သော မိခင်တောင်တန်းကြီး” လို့ ချင်းလို အဓိပ္ပာယ်ရှိပါတယ်။

ဒီတိုင်းပြည်မှာ ကချင်ပြည်နယ်ထဲက “ခါခါဘိုရာဇီ” တောင်ဟာ အမြင့်ဆုံးနဲ့ အကျော်ကြားဆုံးပါ။ “ခေါ်နူးစုမ်တောင်” ကတော့ တတိယအမြင့်ဆုံးနာမည်ကြီးတဲ့ တောင်ပါပဲ။ ချင်းဝိသေသတိုင်း ကန်ပက်လက်မြို့အနီးမှာပါ။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၀,၂၀၀ အထိ မြင့်ပါတယ်။ ဒီဇင်ဘာလထဲမှာ နှစ်စဉ် ရေခဲလောက်အောင် အေးပါတယ်။

ခေါ်နူးစုမ်တောင်ကို ရောက်ဖူးချင်လို့ ကြိုးစားတာ နှစ်ကြိမ် ရှိပါပြီ။ ပထမအကြိမ်တုန်းက တောင်ပေါ် မတက်နိုင်ခဲ့ဘဲ တောင်ခြေမှာရှိတဲ့ ကန်ပက်လက်မြို့ကလေးကပဲ ပြန်လှည့်ခဲ့ရတာပါ။ ဒီတခါ ဒုတိယအကြိမ်မှာတော့ တောင်ထိပ်အထိ အောင်မြင်အောင် တက်ခဲ့ပါတယ်။

အမှန်အားဖြင့် ခေါ်နူးစုမ်တောင်ကို သွားတက်ဖို့ စဉ်းစားတဲ့အခါ ကိုယ်နဲ့အတူသွားမဲ့ မိတ်ဆွေကြီး ကဗျာဆရာ (ကို)ယောဟန်အောင်နဲ့ အကြိမ်ကြိမ်တိုင်ပင်ခဲ့ပါတယ်။ တမြို့စီ တနေရာစီ ခွဲနေကြသူတွေ ဖြစ်လို့ ဖုန်းနဲ့ပဲ တိုင်ပင်ရတာပါ။ အထူးသဖြင့် သူက အလုပ်အားလပ်ရက် လေးရက်လောက်အတွင်း စိတ်အပန်းဖြေရင်း သဘာဝပတ်ဝန်းကျင်ကို ခံစားရင်း ခေါ်နူးစုမ်တောင် တက်ဖို့ ရည်ရွယ်ခဲ့ပြီး ကျနော်ကတော့ နှစ်ပေါင်းများစွာကတည်းက မြင်ဖူးချင်ခဲ့တဲ့ နာမည်ကျော် “တောင်ဇလပ်ပန်းနဲ့ မျက်ခုံးဖြူငှက်ဝါချောက်ငှက်”တွေ သွားကြည့်ချင်နေတာပါ။ ကျနော်တို့ နှစ်ယောက်စလုံး ဘုံတူညီတဲ့ ဆန္ဒကတော့ တောင်ထိပ်အထိ တက်ကြမယ်၊ တောင်ထိပ်မှာ ရွက်ဖျင်တဲထိုးပြီး တညအိပ်ကြမယ်ဆိုတဲ့ ဆန္ဒပါပဲ။ ဒါကြောင့်မို့လည်း ရွက်ဖျင်တဲတွေ ဝယ်ကြရ၊ တောင်ထိပ်အခြေအနေနဲ့ လမ်းခရီးအခြေအနေကို သွားဖူးလာဖူးသူတွေဆီ မေးရမြန်းရ လုပ်ကြပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့အနီးက မတ်စောက်တဲ့ ဇွဲကပင်တောင်ကိုလည်း လွန်ခဲ့တဲ့ နှစ်ထဲတုန်းက မိတ်ဆွေကြီး ကိုသက်မှူးရယ်၊ ကျနော်ရယ်၊ သူရယ် သုံးယောက်အတူ တက်ခဲ့ဖူးနေတော့ တောင်တက်ချင်တဲ့စိတ်က အကင်းမသေနိုင်ဘဲ နောက်ထပ် တောင်တက်ခရီး ထွက်ကြမယ်လို့ ပြောဖြစ်နေကြတာလည်း ကြာခဲ့ပါပြီ။ အခုတော့ တောင်တက်ခရီးတခု သွားဖြစ်သွားပြီပေါ့။ 

တကယ်ခရီးထွက်တဲ့အခါ ကျနော်တို့နှစ်ဦးအပြင် နောက်ထပ်မိတ်ဆွေနှစ်ဦးလည်း အတူပါလာပါတယ်။ ကိုသက်မှူးနဲ့ ကိုမင်းဌေး ပါ။ ကျနော်တို့ခရီးရဲ့ ပင်တိုင်ကားမောင်းသူက ကိုသက်မှူးပါ။ ကားကလည်း သူ့ရဲ့ကိုယ်ပိုင်ကားကလေးပါပဲ။ မှတ်မှတ်သားသား ဖြစ်ဖို့ ကောင်းတာကတော့ ကျနော်တို့ လေးယောက်စလုံးက ပြည်ပမှာ နှစ် ၂၀ ကျော် နေထိုင်ခဲ့ကြရသူတွေချည်းပဲ ဖြစ်နေတဲ့ အချက်ပါပဲ။

ကဗျာဆရာ “ယောဟန်အောင်(ကိုအောင်သူငြိမ်း) က အခုအခါ “ယောမင်းကြီးဇရပ်” လို နာမည်ကျော် စကားဝိုင်းတွေကို ဖန်တီးအလုပ်လုပ်နေသူ ဖြစ်ပါတယ်။ ကိုသက်မှူးက ကျနော်တို့နဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီအရေး ကြိုးပမ်းခဲ့သူ။ (စာရေးဆရာ ရန်ကုန်ဘဆွေရဲ့ သား) နောက်တယောက် ကိုမင်းဌေးကလည်း ကမ္ဘာကျော်မင်းသားကြီး စတားလုံး(ရမ်ဘို) ရဲ့ မြန်မာပြည်အကြောင်း ရိုက်တဲ့ ဇာတ်ကားတကားမှာ အဓိကအရန် ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူပါပဲ။ ကျနော်ကတော့ စာနယ်ဇင်းတခုရဲ့ အယ်ဒီတာဟောင်းပါ။

ဘာပဲပြောပြော နာမည်ကျော် “ခေါ်နူးစုမ်တောင် သို့မဟုတ် နတ်မတောင် သို့မဟုတ် ဝိတိုရိယတောင်ထိပ်”ပေါ် ခြေချနိုင်တာကိုတော့ ကျေနပ်လို့ မဆုံးနိုင်ခဲ့ပါဘူး။

ငြိမ်းဝေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013