
၁။
တကယ်တော့ ပြောပြရမှာက ဟိုတစသည်တစလောက်သာ ဖြစ်သည်။ သို့သော် အဲသည် ဟိုတစသည်တစကို စုပေါင်းလိုက်တော့ သည်တိုင်းပြည် လူအများစုကို လေးစားထိုက်သူများ အဖြစ် သတ်မှတ်ဖို့ရာ ကျနော့်အဖို့မူ လုံလောက်သည်ဟု ယူဆ၏။ ထို့ကြောင့် ယင်းဟိုတ စသည်တစကိုပဲ ကျနော် ပြောပြပါမည်။
၂။
တချိန်က ကျနော်သည် နော်ဝေနိုင်ငံတွင် ၄ နှစ်ကျော် နေထိုင်ခဲ့၏။ (၁၉၉၅- ၁၉၉၉ )။
မြို့တော်အော်စလိုကို ရောက်ကာစ၊ ပထမဦးစွာ သတိထားမိသည့်အချက်မှာ မြို့လည်ခေါင် လူအများဖြတ်သန်းသွားလာကြသည့်နေရာများတွင် ရေဘဲ ရေကြက် ဟင်္သာအစရှိသောငှက်များ လွတ်လပ်ပျော်ပါးစွာ နေထိုင်ကျက်စားကြသည့် မြင်ကွင်းများဖြစ်သည်။ တမြို့လုံး နေရာအနှံ့ သူတို့ကိုတွေ့နိုင်သည်။ အထူးသဖြင့် ရေအိုင်နှင့် ရေကန်များတွင် ဟင်္ဿာများကို တကောင်ချင်းသော်လည်းကောင်း၊ လေးငါးဆယ်ကောင် အုပ်လိုက် သော်လည်းကောင်း လူတွေကို အကြောက်အလန့်မရှိ အိန္ဒြေမပျက် နေကြထိုင်ကြသည်မှာ ကျနော့်အတွက် တော်တော်ထူးဆန်းရသည်။ မကြာခဏဆိုသလို ကျနော်သွားရောက်တတ်သည့် ကမ္ဘာကျော်ပန်းပုဆရာကြီး ဗီဂီလန်း၏ ကျောက်ရုပ်ပန်းခြံအတွင်းက ရေအိုင်လေးများတွင် ဟင်္သာများကို ကျနော်တွေ့ရ၏။ သူတို့နှင့် လေးငါးဆယ်ကိုက်မျှသာဝေးသည့်နေရာ လမ်းပေါ်တွင် လူတွေသွားလာနေသည့်တိုင် သူတို့က စိုးစဉ်းမျှအိန္ဒြေမပျက်ကြ။ နေမြဲအတိုင်းနေတတ်ကြ၏။ လမ်းပေါ်ကလူတွေကလည်း ကလေးလူကြီးမကျန် တချက်တလေ ငဲ့ကြည့်ရုံကလွဲပြီး အထူးအဆန်းမဖြစ်ကြ။ ကျနော့်စိတ်ထဲ ဘဲတို့ငန်းတို့ဆိုလျင် ကျနော်မပြော။ အခုဟာက (မိမိတိုင်းပြည်အနေဖြင့်ဆိုလျင်) ရှားပါးသော ငှက်များ ဟင်္သာများဖြစ်သည့်အတွက် အထူးအဆန်းကြီး ဖြစ်ရ၏။ မှန်ပါသည် အခြားဥရောပနိုင်ငံတချို့တွင် နေဖူးကြသူများအဖို့ သည်မြင်ကွင်းမျိုးက အထူးအဆန်း ဖြစ်ချင်မှဖြစ်မည်။ ကျနော့်အဖို့မူ ထူးဆန်း၏။
ကြုံတုန်းပြောလျှင် ၂၀၁၈ ခုနှစ်တုန်းက ကျနော် စစ်တောင်းမြစ်ဘေး ဇာတိရွာတွင် ခေတ္တပြန်နေစဉ်ကဖြစ်သည်။ တနေ့တွင် နံနက်အစောကြီး စစ်တောင်းမြစ်ကမ်ပါးဘက် ထွက်ခဲ့သည်။ စစ်တောင်းမြစ်တဖက်ကမ်း ဒေါနတောင်တန်းကြီးပေါ် မေးတင်လာမည့်နေလုံးကို ဓာတ်ပုံရိုက်ချင်သဖြင့် နေမထွက်ခင် ကမ်းပါးဘက် ထွက်လာခြင်း ဖြစ်သည်။ နေရောင်ခြည်များ စတင်ခြေချစပြုချိန် မြစ်ဟိုဘက်ကမ်းသောင်စပ်တွင် ဟင်္သာငှက် သုံးလေးကောင် ရောက်နေသည်ကို တွေ့လိုက်ရ၏။ ကျနော်က ကြုံတောင့်ကြုံခဲမို့ ဓာတ်ပုံလှမ်းရိုက်ရန် ကမ်းပါးအစွန်းသို့ ထွက်ရပ်လိုက်၏။ ထိုစဉ်မှာပင် ဟိုဘက်ကမ်းသောင်စပ်မှ ဟင်္သာများ အလန့်တကြား ထပျံသွားကြလေသည်။ ကျနော့်မှာ ဟင်္သာများကို ဓာတ်ပုံမရိုက်လိုက်ရ။ အမှန်မှာ။ သူတို့နှင့်ကျနော်မှာ တော်တော်ဝေး၏။ သို့သော် သူတို့က သူတို့၏ အသက်အန္တရာယ်ကို ကာကွယ်ရန် တချိန်လုံးသတိနှင့် နေကြရ၏။ ထို့ကြောင့် ခပ်ဝေးဝေးမှမြင်ရသည့် လူရိပ်ကိုပင် စိတ်မချနိုင်ကြ။ ယခု အော်စလိုတွင်တွေ့ရသည့ ဟင်္သာများမှာ ကျနော်နှင့်ဆိုလျှင် ဆယ်ကိုက်မျှပင် မဝေး။ သို့သော် ဟင်္သာများကမူ စိုးစဉ်းမျှပင် မကြောက်လန့်ကြ။ အိန္ဒြေမပျက်ကြ။
တခါတွင် ကျနော်သည် နော်ဝေကြက်ခြေနီစခန်းတခုတွင် သုံးလမျှနေခဲ့ဖူး၏။ ထိုစခန်းမှာ နော်ဝေတွင် အမြဲတန်းခိုလှုံနေထိုင်ခွင့် လျှောက်ထားသူများ ခေတ္တနေထိုင်သည့်စခန်းဖြစ်၏။ နေထိုင်ခွင့်လျှောက်ထားသူ အခြားနိုင်ငံသားတချို့လည်း ရှိ၏။ ဥပမာ အီရန်၊ အီသီယိုပီးယား၊ ဘိုလစ်ဗီးယား၊ ဆိုမာလီယာ၊ ပီးရူး၊ အစရှိသဖြင့် နေထိုင်ကြ၏။
ယင်းစခန်းနှင့် နာရီဝက်နီးပါးမျှ လမ်းလျှောက်သွားလျှင် ဆန်ဗစ်ကာမြို့ကလေးသို့ရောက်၏။ ဘတ်စ်ကားဖြင့်သွားလျှင် မိနစ်နှစ်ဆယ်မျှပင်မကြာချေ။ စခန်းမှာနေထိုင်သူ အချို့က ဆန်ဗစ်ကာမြို့ကလေးကို ခြေလျင်သွားသည်လည်းရှိ၏။ ဘတ်စ်ကားဖြင့်သွားသည်လည်း ရှိ၏။ တနေ့တွင် ကျနော်သည် ကင်မရာလေးလွယ်ကာ ဆန်ဗစ်ကာမြို့ကလေးဆီ ခြေလျင်သွား၏။ လမ်းတွင် အကွေ့အကောက်များဖြင့် လှပသည့်အတွက် ဓာတ်ပုံရိုက်မည်ဟု စိတ်ကူးထား၏။ ထိုစဉ်က ကျနော်လိုပင် ဓာတ်ပုံရိုက်ဝါသနာပါသူ အီသီယိုပီးယားသူလေး ကိုကိုးဘီ လည်း အဖေါ်အဖြစ်ပါလာ၏။
တနေရာအရောက်တွင် အိမ်စီးကားငယ် လေးစီးခန့် လမ်းဘေးချတန်းစီရပ်ထားသည်ကိုတွေ့ရ၏။ ကျနော်နှင့် ကိုကိုးဘီက စကားတပြောပြောဖြင့် လျှောက်လာကြစဉ် ရှေ့ဆုံးကားခေါင်းခန်းမှ မှန်တံခါးချပြီး လူတယောက်ခေါင်းပြူပြီး ထွက်လာ၏။ ထို့နောက် ကျနော်တို့ကို ပါးစပ်တွင် လက်တဖက်ဖြင့်ပိတ်ကာ စကားမပြောရန် အသံမပြုရန် သတိပေး၏။ ထို့နောက် ကားရှေ့ မလှမ်းမကမ်းနေရာဆီ လက်ညှိုးထိုးပြ၏။ ကျနော်တို့လည်း လမ်းသွားရပ် စကားပြော ရပ်လိုက်ကြရ၏။ ကားပေါ်ကလူ ညွှန်ပြရာရှေ့ကိုကြည့်ကြည့်ကြရ၏။ ထိုအခါကျမှ ကားနှင့် ကိုက်သုံးဆယ်မျှအကွာ တောင်ကမ်းပါးယံကွေ့ ကားလမ်းပေါ်တွင် သမင်ဖိုတကောင် ရပ်နေသည်ကို တအံ့တဩတွေ့ရလေသည်။
ကားလမ်း၏အလည်ခေါင်ပေါ်တွင် ချိုကြီးတကားကားဖြင့် လှပသည့်သမင်ဖိုကြီးတကောင် ခေါင်းထောင်ပြီးရပ်နေ၏။ ထိုအခါကျမှ ကျနော်တို့ နှစ်ယောက်လည်း အခြေအနေကိုသိသွားရ၏။ ဆက်မလျှောက်ဘဲ ကားဘေးတွင်ငြိမ်ပြီး ရပ်ကြည့်ကြရ၏။ သမင်ဖိုကြီးမှာ ခဏနေတော့ လမ်းဘေးတောစပ်သို့ ခတ်ဖြေးဖြေး အိန္ဒြေမပျက် ဆင်းချသွား၏။
သမင်ဖိုကြီး တောစပ်သို့ဝင်သွားသည့်အခါကျမှပင် ရပ်ထားသည့်ကားများ ခရီးဆက်ကြ၏။ ထိုအခါကျမှ ကျနော်နှင့် ကိုကိုးဘီလည်း လမ်းဆက်လျှောက်လို့ ရသွားကြ၏။ လမ်းတွင် နော်ဝေလူမျိုးများ၏ တိရစ္ဆာန်များအပေါ် ကြင်နာကြပုံ စောင့်ရှောက်ကြပုံ ကိုယ်သိထားမျှ ပြောပြနေခဲ့ကြရ၏။
သည်အကြောင်းကို ပြန်တွေးလျှင် ကျနော်ငယ်စဉ် ပဲခူးချောင်းအဖျား ထန်းတောကြီးရွာ အလယ်တန်းကျောင်းတွင် ကျောင်းဆရာလုပ်ခဲ့စဉ်က အတွေ့အကြုံတခု သတိရ၏။ ထိုစဉ်က ထန်းတောကြီးရွာတွင် ရဲစခန်းရှိ၏။ စခန်းမှူးမှာ ဒုလုံခြုံရေးမှူးက ယာယီစခန်းမှူးလုပ်နေစဥ်က ဖြစ်သည်။ စခန်းမှူးနှင့် ကျနော်က ဘော်လီဘော၊ ဘောလုံး၊ ကြက်တောင်၊ ခြင်းခတ် ကစားဖေါ်ဖြစ်ပြီး ခင်မင်ကြ၏။ ထို့ကြောင့် ရဲစခန်းဝင်းထဲက ရဲတန်းလျားအခန်းလွတ်တခုတွင် ကျနော့်ကို နေခွင့်ပေး၏။ ကျနော့်မိတ်ဆွေစခန်းမှူးမှာ မုဆိုးတဦးလည်းဖြစ်၏။ ကျနော့်အထင် သူသည် လေးငါးဆယ်ရက်လျှင်တခါ တောလည်တတ်၏။ သူတောလည်တိုင်း တောဝက်၊ ချေ၊ တောသတ္တဝါတကောင်ကောင်တော့ရ၏။ သူက တောလည်လို့ရသည်ကို ရွာတွင်ပင် ဖျက်ပြီးရောင်း၏။ တခါတရံ ပဲခူးသို့ဆင်းပြီးရောင်း၏။ ထန်းတောကြီးရွာ၏ ချောင်းတဖက်ကမ်း သစ်ထုတ်လုပ်ရေးကားစခန်းတွင် ထမင်းဆိုင် ၃ ဆိုင်ရှိ၏။ ယင်းဆိုင်များတွင် တောဝက်၊ တောကြက်၊ ချေ၊ ဆတ်၊ မျောက်၊ တောတိရိစ္ဆာန် ဟင်းအစုံရှိ၏။ ထိုစဉ်က တောသတ္တဝါတို့၏ အရိုးစုတစုံလျှင် ဈေးကောင်းကောင်းရ၏။ တရုတ်တွေက ဈေးကောင်းပေး၍ဝယ်သည်ဟုဆို၏။
တခါတော့ ခင်မင်သူချင်းမို့ တောမလည်ဖို့ ကျနော်က သူ့ကိုပြောဖူး၏။ ထိုအခါ သူပြန်ပြောသည့်စကားကို ကျနော့်မှာမမေ့နိုင်။ ပဲခူးချောင်းဖျား သူတာဝန်ကျရာဒေသတွင် အမှုအခင်းဖြစ်တာ နည်း၏။ ရှား၏။ ထို့ကြောင့် သူ့မှာ ဘေးပေါက်ဝင်ငွေရှား၏။ သူ့ခမျာ တောလည်ပြီး ဘေးပေါက်ဝင်ငွေရှာရ၏။ တောလည်လို့ရသည့်ငွေကြောင့်သာ သူ့မှာ မိသားစုကို ဖူလုံအောင် ကျွေးနိုင်ခြင်းဖြစ်ကြောင်း ကျနော့်ကို ပြန်ပြောဖူး၏။
၃။
အော်စလိုနှင့် အတန်ငယ်ဝေးပြီး ဘော့စ်ဟုခေါ်သော စခန်းတခုတွင်လည်း ၃ လခန့် ကျနော်နေခဲ့ဖူးသေး၏။
သည်နေရာတွင်လည်း နော်ဝေတွင်အမြဲတန်းခိုလှုံနေထိုင်ခွင့်လျှောက်ထားသူ လူမျိုးစုံရှိ၏။ ဆီးရီးယား၊ အီရန်၊ ဘောစနီးယား၊ ဆိုမာလီ၊ အီသီယိုပီးယား အစရှိသဖြင့် ကိုယ့်အခန်းဖြင့်ကိုယ် လွတ်လပ်အေးချမ်းစွာနေခွင့်ရ၏။ ကျနော်တို့အားလုံး နေထိုင်ခွင့်လျှောက်ထားသည့်အဖြေကို သည်စခန်းတွင်နေရင်း စောင့်နေကြရခြင်းဖြစ်၏။
ကျနော်တို့စခန်းနှင့် မိနစ် ၂၀ မျှ ကားဖြင့်သွားလျှင် ဘော့စ်မြို့ကလေးကိုရောက်၏။ ထိုမြို့ကလေးကို ကျနော်တို့က ဘတ်စ်ကားစီးပြီး နော်ဝေစာ နော်ဝေစကားသင်တန်း နေ့တိုင်း သွားတက်ရ၏။ တနေ့တွင် ကျနော်ထိုင်ခုံရှေ့တွင် ခေါက်ထီးလေးတလက် ရှေ့ထိုင်ခုံ၏ နောက်မှီတွင် ချိတ်လျက်တွေ့၏။ ထီးကလေးမှာ လက်ကိုင်အကောက်ကလေးဖြင့် အင်မတန်လှ၏။ အသစ်ကျပ်ချွတ်ထီးကလေးဖြစ်၏။ ကျနော်က ယင်းထီးကလေးကို လှပသစ်လွင်သည့်အတွက် စိတ်ဝင်စား၏။ သည်ကြားထဲ သုံးလေးရက်ဆက်ပြီး ယင်းထီးအသစ်ကလေးကိုစတင်တွေ့ရှိရာနေရာတွင်ပင် နေရာမပျက် သုံးလေးရက်တွေ့၏။ နေ့စဉ် ဘော့စ်မြို့ကလေးသို့ ကျောင်းတက်နေသည့် ကျနော့်အဖို့ ဘတ်စ်ကားပေါ်တွင် ယင်းထီးကလေးကို နေရာမပျက် သုံးလေးရက် ဆက်ပြီးတွေ့ရသောအခါ ကျနော့်စိတ်ထဲ ထီးကလေးက ခဏခဏဝင်လာ၏။ ပထမအချက် ထီးပိုင်ရှင်မှာ လှပသည့်ထီးကလေးကို ဆုံးရှုံးရသည့်အတွက် နှမျောနေရှာမလား။ ဒုတိယအချက် သုံးလေးရက်ကြာသည်အထိ နေရာမပျက်တွေ့နေရသည်မှာ ထီးပိုင်ရှင်က ပြန်မတွေ့ သို့မဟုတ် ပိုင်ရှင်မဲ့ဆိုပြီး မည်သူမျှယူမသွားတာများလား။ စိတ်က မကြာခဏ ထီးကလေးဆီ ရောက်နေတတ်သဖြင့် မနက်ခင်း ကျောင်းတက်ရန် ဘတ်စ်ကားပေါ်ရောက်သည်နှင့် တပြိုင်နက် ခေါက်ထီးကလေးရှိရာနေရာကို မျက်စေ့က အလိုလို ရောက်၏။ သည်လိုနှင့် လေးရက်မြောက်သောအခါ ကျောင်းတက်ဖေါ်တချို့နှင့် စကားစပ်မိ၏။ ထိုအခါ သူတို့ကလည်း ပိုင်ရှင်မဲ့ထီးကလေး နေရာမပျက် ဘတ်စ်ကားပေါ် နေ့တိုင်းတွေ့နေခဲ့ရလို့ ထီးကလေးကို စိတ်ဝင်စားနေကြကြောင်း ပြန်ပြောကြ၏။ ဆိုမာလီအမျိုးသမီးကြီးတဦးကဆိုလျှင် သည်အတိုင်းဆိုလျှင် ၁၀ ရက်ကျော်လို့မှ ပိုင်ရှင်မရှိလျှင် သည်ထီးကလေး သူယူတော့မည်ဟု အပြောင်အပျက်ပြော၏။ ပြီးတော့ “ငြိမ်း နင်ယူလိုက်ပါလား၊ ယောက်ျားဆောင်း ထီးကလေးဆိုတော့ နင်နဲ့အတော်ပဲ” ဟူ၍လည်း စ၏။ သည်လိုနှင့် ထီးကလေးမှာ တပတ် ကျော်သည်အထိ နေရာမပျက်ရှိနေရာက ၉ ရက်မြောက် နေ့တွင်မူ ထီးကလေးကို မတွေ့ရတော့။ ပျောက်သွားသောထီးကလေး ပိုင်ရှင်ပြန်တွေ့သွားသည်လား၊ တစုံတယောက်ကယူ သွားသည် လား။ ကျနော့်မှာ အတွေးမျှင်က တန်းရပြန်၏။ သည်လိုနှင့် ထီးကလေး မရှိတော့သည့်နေ့က ဘတ်စ်ကားပေါ်ကအဆင်း ကားမောင်းသူဘေးအရောက်တွင် ကျနော့်ပါးစပ်က မရည်ရွယ်ဘဲ အလိုလို စကားတခွန်းထွက်သွား၏။
“ ဟေး ဟိုနားက နေ့တိုင်းချိတ်လျှင် တွေ့ရတဲ့ထီးကလေး၊ မတွေ့တော့ဘူးဗျ” လို့ ကားဆရာကို ပြောလိုက်မိ၏။
ထိုအခါ ကားဆရာက ပြုံးရွှင်သော မျက်နှာဖြင့် “ဘာလဲ အဲဒါ မင့်ထီးလား၊ ပိုင်ရှင်ပေါ်ရင် ပြန်ပေးလို့ရအောင် ငါသိမ်းပေးထားတယ်၊ မင်းဟာဆိုရင်ယူလေ”ဟုဆိုကာ ထီးကလေးကို ထုတ်ပေး၏။ ထိုအခါ ကျနော့်မှာ တအံ့တဩနှင့် ကားပေါ်ကဆင်းရင်း ကျနော့် ပစ္စည်းမဟုတ်ကြောင်း ပြာပြာသလဲ ငြင်းခဲ့ရ၏။
ထိုအချိန် ထိုအခိုက်အတန့်တွင် ကျနော့်စိတ်က ရန်ကုန်တွင်နေစဉ် ဘတ်စ်ကားပေါ်က စာတန်း တခုကို မှတ်မှတ်ရရ ပြန်လည်မြင်ယောင်မိလေသည်။ ယင်းစာတန်းမှာ….”ထသွားပြန်ကြည့် ကျန်ရှိပစ္စည်း တာဝန်မယူ”ဟူသော စာတန်းပင်ဖြစ်လေသည်။
၄။
တနေ့တွင် ကျနော်သည် အော်စလိုသို့ နေ့ချင်းပြန်အလည်သွားဖို့စဉ်းစား၏။ အဘယ်ကြောင့်ဆိုသော် ကျနော်ရထားသော လှပသည့် အနွေးထည်ဂျာကင်ကို တချိန်က လုပ်ဖေါ်ကိုင်ဖက်များကို ပြချင်ကြွားချင်သောကြောင့်ဖြစ်၏။
ကျနော် နော်ဝေတွင် အမြဲတန်းခိုလှုံနေထိုင်ခွင့် ရဲစခန်းတွင် လျှောက်လွှာတင်ပြီးသောအခါ ရဲစခန်းက ပေးလိုက်သော စာရွက်စာတန်းတချို့ကိုယူလျက် ဆန်ဗစ်ကာမြို့အနီးက ကြက်ခြေနီစခန်းတခုဆီ ကျနော်ရောက်လာ၏။ စခန်းသို့ရောက်သောအခါ စခန်းမှ တာဝန်ရှိသူများက ကျနော့်ကို ချိုသာစွာအားပေးစကားပြောရင်း ဧည့်ခန်းတွင်ပင် ခဏထိုင်စေ၏။ ကျနော့်ရှေ့စားပွဲပေါ်တွင် ပန်းသီး၊ ပေါင်မုန့်၊ ယိုမျိုးစုံ၊ နွားနို့ ။ ကြိုက်နှစ်သက်ရာသုံးဆောင်ဖို့ တင်ပေး၏။
တခဏမျှကြာသောအခါ လူတယောက်က ကျနော့်ခန္ဓာကိုယ်တခုလုံး ပေကြိုးဖြင့်တိုင်း၏။ ကျနော့်အရပ်၊ ပခုံး၊ လက်၊ ခြေထောက်အတိုင်းအတာကအစ အသေးစိပ်တိုင်းတာကာ ရေးမှတ်သွား၏။ ဧည့်ခန်းထဲထိုင်စောင့်နေစဉ် ဝင်လာသည့်တာဝန်ရှိသူတိုင်းက ကျနော့်ကို အားမငယ်ဖို့၊ သက်သာသလို အဆင်ပြေသလို လွတ်လပ်အေးချမ်းစွာနေဖို့ ခဏခဏပြော၏။ အားပေး၏။
နာရီဝက်ခန့်ရှိသောအခါ ကျောပိုးအိတ်အသစ် ခပ်ရှည်ရှည်တခုနှင့် လက်ဆွဲအိတ်အသစ်တခု လာပေး၏။ ထို့နောက် ပစ္စည်းစာရင်းစာရွက်တရွက်ကိုပေး၏။ ကျောပိုးအိတ်အရှည်ကြီးနှင့် လက်ဆွဲအိတ်ကို ဇစ်ဖွင့်ကာ စာရွက်ထဲကစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးစေ၏။ ထိုပစ္စည်းအားလုံး ကျနော့်အတွက် စခန်းမှပေးသောပစ္စည်းများဖြစ်သည်ဟုဆို၏။ ဒါ့အပြင် အသေးသုံး ထောက်ပံ့ကြေးငွေ ခရိုနာ ၁,၂၀၀ ကိုလည်း ပေး၏။ အခန်းသော့လည်းပေး၏။ ပစ္စည်းများကိုကြည့်ကာ ကျနော့်မှာ မထိရက်မကိုင်ရက်အောင် အံ့ဩ၏။ ဘောင်းဘီအတိုအရှည်၊ အင်္ကျီသုံးထည်၊ အနွေးထည် သုံးမျိုး၊ ရှိုးဂျာကင်တထည်။ ဦးထုပ်နှင့် သိုးမွေးခေါင်းစွပ်။ နွေစီးဖိနပ်၊ ဆောင်းတွင်းစီးဖိနပ်၊ အခန်းတွင်းစီးဖိနပ်။ ပစ္စည်းများအားလုံး အသစ်စက်စက်။ အခုနက ကျနော့် တကိုယ်လုံးတိုင်းထွာပြီး ကျနော်နှင့်ကိုက်ညီသောပစ္စည်းများချည်း။ ကျနော့်မှာ အံ့ဩလို့မဆုံး။
တိုတိုပြောရလျင် အထက်မှာပြောခဲ့သလို ကျနော်ရသည့် ဂျာကင်အသစ်ကလေးဝတ်ကာ အော်စလိုမှာကျန်ခဲ့သည့်မိတ်ဆွေများကို ပြချင်သောကြောင့် စခန်းသို့ရောက်ပြီး ၁၀ ရက်ကျော်သောအခါ စခန်းတွင်ခွင့်တင်ကာ အော်စလိုသို့ နေ့ချင်းပြန် အလည်ထွက်၏။
ပထမဦးစွာ စခန်းနှင့်နီးသော ဆန်ဘစ်ကာမြို့ကို ဘတ်စ်ကားစီးရ၏။ ဆန်ဘစ်ကာရောက်လျှင် ဘတ်စ်ကားပြောင်းကာ မြို့တော်အော်စလိုကို သွားရမည်ဖြစ်သည်။ သည်လိုနှင့် ထိုနေ့က အီသီယိုပီးယားသူလေး ကပ္ပလီမိတ်ဆွေ ကိုကိုးဘီနှင့်အတူ စခန်းမှထွက်ခဲ့၏။
ဆန်ဘစ်ကာနှင့် ကျနော်တို့စခန်းက မိနစ် ၂၀ မျှသာကြာ၏။ ဆန်ဘစ်ကာမြို့ ဘတ်စ်ကားဂိတ်တွင် ကျနော်တို့နှစ်ယောက် ကားပေါ်ကဆင်းကာ အခြားပလက်ဖေါင်းဘက်သို့ကူးကာ အော်စလိုဘက် ထွက်မည့်ဘတ်စ်ကားပေါ် တက်ကြ၏။ ကျနော်တို့နှစ်ယောက် ကားပေါ်ရောက်သည်နှင့် ဘတ်စ်ကားလည်း ကားစက်နှိုးကာ ထွက်ဖို့လုပ်၏။ ထိုစဉ် အခြား ကျနော်တို့ ကျော်လာခဲ့ရာ ပလက်ဖောင်းပေါ်မှ လူတယောက်လျှောက်လာသဖြင့် ကားဆရာက ကားမထွက်ဘဲစောင့်နေ၏။ ကျနော်တို့ကားဆီ ခတ်သွက်သွက်လျှောက်လာသူမှာ စခန်းမှကျနော်တို့ စီးလာသောကား၏ ကားဆရာဖြစ်၏။ ထိုသူက ကားဆရာအချင်းချင်း နော်ဝေလိုပြောကာ ကျနော်တို့ ကားပေါ်တက်လာ၏။ ကားပေါ်ကခရီးသည်တွေကလည်း တက်လာသည့်ကားဆရာကို လှမ်းကြည့်ကြ၏။ တက်လာသည့်ကားဆရာက လူသွားလမ်းပေါ်ရပ်ကာ ကျနော့်ကို လက်ညှိုးထိုးပြ၏။ ကျန်လက်တဖက်က ပိုက်ဆံအိတ်တခုကိုင်ကာ မြှောက်ပြ၏။ ထိုအခါကျမှ ကျနော်သည် ဘောင်းဘီနောက်အိတ်ကိုစမ်းကာ စီးလာခဲ့သောကားပေါ်တွင် ပိုက်ဆံအိတ် ကျကျန်ခဲ့သည်ကို သိလိုက်ရတော့၏။ ချက်ချင်းဆိုသလို ထိုင်ရာမှထကာ ကားဆရာကို ကျေးဇူးတင်ကြောင်း အသေအချာပြောရ၏။ ပိုက်ဆံအိတ်ကိုယူပြီး နေရာတွင် ပြန်သွားထိုင်ဖို့လုပ်၏။ ထိုအခါ ပိုက်ဆံအိတ်လိုက်ပေးရှာသူ ကားဆရာက ကျနော့်ကို ခဏနေဦးဟုတား၏။ မင်းပိုက်ဆံအိတ်ကိုစစ်ဆေးကြည့်ပါဦး၊ ဘာများပျောက်တာရှိသေးသလဲ သေချာစစ်ဖို့ပြော၏။ ကျနော့်မှာ သူ့ဘက်ပြန်လှည့်ကာ ပိုက်ဆံအိတ်ကို သူကျေနပ်အောင်စစ်ရ၏။ ဘာတခုမှမပျောက်ကြောင်းပြောမှ ထိုကားဆရာမှာ ကားပေါ်မှပြန်ဆင်းသွားလေသည်။
၅။
အခု ကျနော်ပြောပြခဲ့သောအကြောင်းအရာများမှာ သာမန်ကိစ္စများသာဖြစ်သည်ဟု ဆိုသူရှိပါက ဟုတ်မှန်ကြောင်း ကျနော်မငြင်းလိုပါ။ လူအချို့အတွက် သာမန်အဖြစ်အပျက် အကြောင်းအရာများသာဖြစ်သည်ကို ကျနော်မငြင်းလိုပါ။ သို့သော် ကျနော်ကြုံဖူးသည့် သည်အဖြစ်အပျက်များသည် လူမျိုးတမျိုး၏ အခြေခံစိတ်ဓာတ် ထိုလူမျိုး၏ နှလုံးသားအဆင့်အတန်းကို ကွက်ကွက်ကွင်းကွင်းပြဆိုသည့် အဖြစ်အပျက်များဟု ကျနော်ကမူ ယူဆနေခဲ့၏။
ထိုသို့သောလူမျိုး၊ ထိုသို့သောလူမျိုး၏စိတ်ဓာတ်၊ ထိုလူမျိုး၏နှလုံးသားဓာတ်ခံကို ကျနော် အားကျခဲ့၏။ ချစ်ခဲ့မိပါ၏။ ။
ငြိမ်းဝေ
(ဥရောပမဲဇာ၏ လွမ်းမောခဲ့ရ နေ့ရက်များသို့)










