DVB Logo
Home
မြန်မာသတင်း
လိင်တူချစ်သူစာအုပ်ရောင်း အွန်လိုင်းစာမျက်နှာများ ပိတ်ပင်ခံရမှု လူ့အခွင့်အရေးချိုးဖောက်မှုဟု ဝေဖန်
DVB
·
September 1, 2026
လိင်တူချစ်သူစာအုပ်ရောင်း အွန်လိုင်းစာမျက်နှာများ ပိတ်ပင်ခံရမှု လူ့အခွင့်အရေးချိုးဖောက်မှုဟု ဝေဖန်
Donate to DVB

လိင်တူခြင်းချစ်ကြိုက်တဲ့အကြောင်းအရာပါ စာအုပ်တွေဟာ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးဝန်ကြီးဌာနက စွပ်စွဲကာ စာအုပ်ရောင်းချတဲ့ အွန်လိုင်းလူမှုကွန်ရက် အရောင်းဆိုင်တွေကို ပိတ်ပင်တာက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ လိင်တူချစ်သူ (LGBT) တချို့က ဝေဖန်ပါတယ်။

LGBT တယောက်က “စွပ်စွဲတာကိုတော့ လက်မခံပါဘူး။ BL, GL (ယောကျ်ားချင်းချစ်၊ မိန်းမချင်းချစ်) စာအုပ်တွေတိုင်းက အတုယူ လွှဲမှားစေမယ့်ဟာပဲ ပါတာမဟုတ်သလို normal(ပုံမှန်) စာအုပ်တွေမှာလည်း အတုယူစရာမရှိတဲ့ အကြောင်းမျိုးတွေ ရှိပါတယ်။ အဲဒီစာအုပ်ကိုဖတ်တဲ့ လူငယ်တွေအတွက် ဗဟုသုတနဲ့ အသိဉာဏ် အတုယူစရာတွေ အကြောင်းလည်း ပါရှိပါတယ်။ အဓိကအားဖြင့် နာမည်အကြီးဆုံး စာအုပ်တအုပ်၊ ဥပမာ ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း ဆိုရင် လူတယောက်ကို ခုတုံးလုပ်ပြီး အနိုင်မကျင့်သင့်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဖိအားမပေးသင့်ကြောင်း စတာတွေက အတုယူစရာ အကြောင်းတွေလို့ မြင်တယ်။ လူတိုင်းက စာအုပ်တစ်အုပ်တည်းကိုပဲ ကွက်ကြည့်ပြီး တခြားဟာတွေကို လိုက်ပိတ်ပင်တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ရောက်တယ်လို့ ထင်မိတယ်။ လူတွေမှာ ကိုယ့်အသိဉာဏ်နဲ့ကိုယ် ရှိကြတာပါ။ ဒီလိုစာအုပ်တွေ ဖတ်တာနဲ့ပဲ အတုယူလွဲမှားတာတွေ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။

စစ်အာဏာရှင်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနက အရေးယူမယ်လို့ သူတို့ရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ကြေညာပြီးနောက် အခုတော့ အဆိုပါ စာအုပ်တွေရောင်းချတဲ့ အွန်လိုင်းလူမှု ကွန်ရက်အရောင်းဆိုင်တွေ ဖျက်သိမ်း၊ အမည်ပြောင်းတာတွေ လုပ်ခဲ့ကြရပါတယ်။

လိင်တူချစ်သူစာအုပ်တွေရောင်းချလို့ စစ်အာဏာရှင်အစိုးရက အရေးယူမယ်လို့ ကြေညာခံရတဲ့ အွန်လိုင်း လူမှုကွန်ရက်အရောင်းဆိုင်တွေကတော့ ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chiစာပေ၊ ဘဝထက်စာပေ၊ ဧရိပ်-A Yeik၊ Alora Eleven Book House၊ Libra Book Shop(Chuu Sein)၊ နွေဦးကံ့ကော်စာအုပ်ဆိုင်နဲ့ Z For Zodiac လူမှုကွန်ရက်တွေပဲ ဖြစ်ပါတယ်။

ဖေ့ဘွတ်ခ်လို စာမျက်နှာမျိုးတင်မဟုတ်ဘဲ မြန်မာပြည်မှာ နောက်ပိုင်း လူသုံးများလာတဲ့ TikTok လူမှုကွန်ရက်မှာပါ အကောင့်တွေကို ဖျက်သိမ်းလိုက်တာအပြင် တချို့က အကောင့်နာမည်ကို ပြောင်းလဲလိုက်တာကို တွေ့ရပါတယ်။

လိင်တူချစ်သူ အမျိုးသမီးတယောက် “Alora Eleven Book ဆို သွားကြည့်လိုက်။ tiktok မှာ နာမည်ပြောင်းသွားပြီး။ အရင်က တင်ထားတဲ့စာအုပ် ကြော်ငြာတွေလည်း မတွေ့တော့ဘူး။ ရွှေအိမ်စာပေတော့ tiktok မှာ တွေ့သေးတယ်။ ဖေ့ဘွတ်ခ်မှာတော့ မရှိတော့ဘူး။ Chi လည်း အဲဒီလိုပဲ။ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းအတွက် လိုင်စင်မရှိလို တရားစွဲမယ်ဆိုတာကို လက်ခံပါတယ်။ ဒါက စည်းကမ်းချက်ပါပဲ။ ဒါပေမဲ့ ဒီစာအုပ်တွေ ပိတ်တယ်ဆို ရုပ်ရှင်တွေလည်း ခွင့်မပြုနဲ့လေ။ LGBT တွေနဲ့ ပတ်သတ်လို့ အခုထိကို ရှေးရိုးစွဲတွေ၊ စွပ်စွဲချက်တွေက ပြင်ထန်းနေတုန်းပဲ” လို့ ပြောပါတယ်။

စစ်အာဏာရှင် ပြန်ကြားရေးဝန်ကြီးဌာနကတော့ လိင်တူချစ်ကြိုက်ဇာတ်လမ်းပါတဲ့ စာအုပ်တွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်းမရှိဘဲ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တယ်လို့ ပြောဆိုထားပြီး ဒါက တဖက်သတ် စွပ်စွဲပြောဆိုချက်သာဖြစ်တယ်လို့ LGBT ထောက်ခံသူ တချို့ကလည်း မှတ်ချက်ပေးပါတယ်။

လိင်တူချင်း ချစ်ကြိုက်ကြတဲ့ စာအုပ်တွေ ရောင်းချတဲ့ အထက်ပါ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာ ၉ ခုဟာ သူတို့ရဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ဖောက်ဖျက်ထားတာကြောင့် အရေးယူတာလို့ ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

LGBT လို့ခေါ်တဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ၊ လိင်တူချင်း စုံမက်သူတွေအပေါ် မြန်မာ့လူ့အဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်ရဲ့ သဘောထားအမြင်တွေက ရှေးယခင်ကတည်းက ခွဲခြားနှိမ်ချ ဆက်ဆံကြသလို ဒီနေ့ထိတိုင်လည်း မြန်မာလူ့အဖွဲ့အစည်းအတွင်း နှိမ်ချခွဲခြားဆက်ဆံမှုတွေ ရှိနေသေးသလို အခုအခါ စစ်အာဏာရှင်အစိုးရကိုယ်တိုင်က ဖိနှိပ်လာတာလို့ LGBT အသိုက်အဝန်းက ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013