DVB Logo
Home
မြန်မာသတင်း
ပြင်းထန်ဝမ်းရောဂါ ဖြစ်ပွားခဲ့သည့် မြို့နယ်များတွင် ဝမ်းရောဂါကာကွယ်ဆေး လိုက်ကျွေးနေ
DVB
·
October 6, 2026
Photo: DVB
Photo: DVB
Donate to DVB

ရန်ကုန်တိုင်းအတွင်းက ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတဲ့ မြို့နယ်နဲ့ ရပ်ကွက်တွေမှာ အခုရက်ပိုင်းကစလို့ အိမ်တိုင်ရာရောက် ကာကွယ်ဆေး လိုက်လံတိုက်ကျွေးနေတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ကျန်းမာရေးဌာနကနေ သိရပါတယ်။

ကူးစက်မှုများတဲ့ မြို့နယ်ရဲ့ ရပ်ကွက်တွေရှိတဲ့ လမ်းဘေးဈေးသည်နဲ့ လမ်းသွားလမ်းလာတွေပါမချန် ခေါ်ယူတိုက်ကျွေးနေတာဖြစ်ပြီး ဆေးသောက်ဖို့ ငြင်းဆန်သူတွေလည်း အများအပြားရှိနေလို့ အခက်တွေ့နေရတယ်လို့ ကျန်းမာရေးဝန်ထမ်းတချို့က ပြောပါတယ်။

စမ်းချောင်းမြို့နယ် ကျန်းမာရေးဌာန ဝန်ထမ်းတယောက်က “ရန်ကုန်တတိုင်းလုံး မဟုတ်ဘူး၊ မြို့နယ်တိုင်းလည်း မဟုတ်ဘူး၊ ရပ်ကွက်တိုင်းလည်း မဟုတ်ဘူး၊ ဒီမြို့နယ်က ဒီရပ်ကွက်မှာ အဖြစ်များတယ်ဆို အဲဒီနေရာက လူတွေကို လိုက်ပြီး ဆေးတိုက်ပေးတာပေါ့။ အခုထိ ဆေးရဲ့ side effect ဘာမှမရှိသေးပါဘူး။ လတ်တလောမှာ ဖျားနာနေတယ်ဆိုရင်တော့ ဆေးသောက်လို့မရပါဘူး။ ဒီဆေးတွေက ဝယ်ချင်တိုင်းလည်း ဝယ်မရပါဘူး၊ လိုအပ်လို့ တိုက်တာပါ။ တချို့ကျတော့လည်း ကြောက်ကြတယ်၊ ကာကွယ်ဆေးရဲ့ တန်ဖိုးကို မသိကြတော့ ဆေးသောက်ဖို့ မနည်းနားချရတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုများတဲ့ မြို့နယ်တွေဖြစ်တဲ့ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား အစရှိတဲ့ မြို့နယ်တွေထဲက ရပ်ကွက်တချို့မှာ ကာကွယ်ဆေးတွေ အိမ်တိုင်ရာရောက် လိုက်လံတိုက်ကျွေးနေတာ ဖြစ်ပါတယ်။

ဒေသခံပြည်သူ အများစုကတော့ ဒီဆေးသောက်ပြီးမှ တခုခုဖြစ်မှာကို စိုးလို့ ငြင်းဆန်နေကြတာ ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေကလည်း ကာကွယ်ဆေးနဲ့ပတ်သက်လို့ သေချာနားလည်အောင် ရှင်းပြပေးတာ မရှိဘူးလို့ ဆိုကြပါတယ်။

လသာမြို့နယ်မှ လမ်းဘေးဈေးသည် အမျိုးသမီးတယောက်က “ဈေးရောင်းနေရင်း သူတို့က အနားရောက်လာပြီး ပါးစပ်ဟဆိုပြီး ဆေးစက်ချတိုက်တော့ ဘာက ဘာမှန်းမသိ ရုတ်တရတ်ဆိုတော့ ကြောက်တယ်လေ။ ဆေးသောက်ပြီးမှ ဝမ်းလျှောနေရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဝယ်သူတွေကိုလည်း သောက်ပြီးပြီလား၊ မသောက်ရသေးရင် လာဆိုပြီး အတင်းတိုက်တော့၊ သူသူကိုယ်ကိုယ်လေ၊ ဘာမှန်းသေချာမသိဘဲ မသောက်ချင်ပါဘူး။ တချို့ကလည်း သောက်ပြီးပြီဆိုလည်း လိမ်ပြောလိုက်တယ်။ တချို့ကလည်း ဖျားနေလို့ပါဆိုပြီး ရှောင်ပြေးရော” လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်းက စတင်ဖြစ်ပွားခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဒီကနေ့ထိ ကူးစက်သူ ရာနဲ့ချီရှိခဲ့ပြီး သေဆုံးသူတချို့လည်း ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတချို့ဆီက သိရပါတယ်။

စတင်ဖြစ်ပွားခဲ့တဲ့အချိန်က မြို့နယ်တချို့မှာ လမ်းဘေးဈေးဆိုင်တွေနဲ့ စားသောက်ကုန်လုပ်ငန်း တချို့ကို ယာယီပိတ်ခိုင်းခဲ့ပြီး အစားအသောက်နဲ့ ရေကို စစ်ဆေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013