
ရန်ကုန်မှာ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် မြို့နယ်တချို့က လမ်းဘေးဈေးသည်တွေကို သြဂုတ် ၁၃ က စတင်ပိတ်ခိုင်းခဲ့သလို တိကျတဲ့ ညွှန်ကြားချက်မရှိတဲ့အတွက် ဆက်လက် ဖွင့်လှစ် ရောင်းချနေတဲ့ ဈေးဆိုင်တွေကို ဒီနေ့ပိတ်ဖို့ ထပ်မံညွှန်ကြားလာတယ်လို့ ဈေးသည်တချို့က ပြောပါတယ်။
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်းက အသုပ်စုံရောင်းချသူ အမျိုးသမီးတယောက်က “အရင်က ကိုယ်တွေဘက် မရောင်းပါနဲ့ ပြောတာ မရှိဘူး၊ ကြေညာတာ မရှိဘူး။ ရက် ၁၀၀ စီမံချက်နဲ့ပဲရှိတာ။ ဒီရောဂါကြောင့်ဆိုပြီး မရောင်းဖို့ပြောတာမျိုး မရှိဘူး။ အခုကျမှ ဒီမနက်တင်ပဲ အသုပ်စုံရောင်းတဲ့ ဆိုင်တွေကို အချဉ်ရည်တွေနဲ့မို့တဲ့ ၃ ရက် မရောင်းပါနဲ့တဲ့၊ စည်ပင်က လိုက်ပြောတာ” လို့ ပြောပါတယ်။
ဩဂုတ်လအတွင်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်သူ များလာတဲ့အတွက် လမ်းဘေး အစားအစာရောင်းချခွင့်ကို ယာယီပိတ်ထားဖို့ အုပ်ချုပ်ရေးအဖွဲ့တွေက မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ လိုက်လံပြောဆိုပေမဲ့ ရပ်ကွက်တိုင်းလိုလိုက လိုက်နာရမယ်ဆိုတဲ့ တိကျတဲ့ သတ်မှတ်ချက်မျိုး မရှိတဲ့အပြင် ယာယီပိတ်ခိုင်းတဲ့ ကာလကလည်း အတိအကျမရှိလို့ ဒီကနေ့ထိ လမ်းဘေးဈေးသည်တွေ အခက်ကြုံနေရပါတယ်။
လသာမြို့နယ်က လမ်းဘေးဈေးသည်တယောက်က “ပထမက ၃ ရက်တဲ့၊ ပြီးတော့ ၅ ရက်၊ အဲဒီ ကနေ ၇ ရက်ဆိုပြီး ခုထိပဲ မဖွင့်ရတာ။ ဘာမှန်းညာမှန်းမသိတော့ မဖွင့်ရဲဘူးလေ။ ပြီးတော့ ဒီဘက်မှာ ဆိုင်တချို့က သူတို့ဝန်ထမ်းတွေကို ဝမ်းရောဂါ ရှိ၊ မရှိ ပိုးစစ်ခိုင်းတာ တွေ့လို့ဆိုပြီး ပိတ်တဲ့သူကလည်း ထပ်ပိတ်ဆိုတော့ ကျန်တဲ့သူတွေလည်း မဖွင့်ရဲနဲ့ ဘာမှလုပ်စားလို့ မရဘူး” လို့ ပြောပါတယ်။
ဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့စဉ် ကနဦးအချိန်တုန်းက လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား အစရှိတဲ့ မြို့တွင်းမြို့နယ်တွေမှာ လမ်းဘေးဈေး ရောင်းချတာကို ယာယီပိတ်သိမ်းခဲ့တာပါ။
အဲဒီနောက် ကူးစက်တာတွေ ပိုများလာတဲ့အခါ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ဒေါပုံ၊ တာမွေ၊ လှိုင်၊ အင်းစိန်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒလ စတဲ့ မြို့နယ်က ဆိုင်တွေကိုပါ ပိတ်သိမ်းခိုင်းခဲ့တာ ဖြစ်ပါတယ်။
ဒလမြို့မှာ သုံးဘီးမောင်းသူတယောက်က “ရောဂါက တကယ်ဖြစ်နေတာ။ ကျနော်တို့လည်း သတိနဲ့စား၊ ကလေးတွေကို သတိနဲ့ထားနေရတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း ဝမ်းရောဂါဖြစ်သူတွေ ရောက်လာကြတာ အများကြီးလို့ ဝန်ထမ်းရပ်ကွက်က ဆေးရုံကြီးမှာ လုပ်နေသူ တယောက်က ပြောသေးတယ်။ ဟိုတရက်ကဆိုရင် ဒလ-တွံတေး YBS ကားပေါ်မှာတင် ချီး(ချေး) ထွက်ကျသူ ၃ ဦး ရှိတယ်လို့ ပြောနေကြတယ်” လို့ ပြောပါတယ်။
လက်ရှိ ဒလမြို့နယ်မှာ မုန့်ဖတ်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေ၊ မုန့်ဟင်းခါး၊ အသုပ်စုံ ရောင်းတဲ့ ဆိုင်တွေကို ပိတ်ထားဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားတယ်လို့လည်း သူက ဆိုပါတယ်။
စစ်အာဏာရှင်လက်အောက်က ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ပြီးခဲ့တဲ့သြဂုတ် ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန် အပါအဝင် တခြားပြည်နယ်နဲ့ တိုင်းချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိတယ်လို့ ဆိုထားပေမဲ့ ရောဂါကြောင့် သေဆုံးထိခိုက်မှုကိုတော့ မထုတ်ပြန်ပါဘူး။











