DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် ဝမ်းရောဂါကြောင့် မွတ်စလင်ကျေးရွာနှင့် Camp မှလူများကို သွားလာခွင့်ကန့်သတ်
DVB
·
September 5, 2026
Photo : DVB
Photo : DVB
Donate to DVB

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားတာကြောင့် မွတ်စလင် ကျေးရွာနဲ့ IDP Camp ကလူတွေကို မြို့ပေါ်သွားလာခွင့် ကန့်သတ်ထားတယ်လို့ စစ်တွေမြို့ခံ တွေဆီက သိရပါတယ်။

စစ်တွေမြို့နယ်မှာ ဩဂုတ်လ ဒုတိယအပတ်ကတည်းက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး မွတ်စလင်ကျေးရွာတွေက ကလေးငယ်တွေ သေဆုံးတာရှိသလို ရောဂါဖြစ်ပွားသူလည်း ၂၀၀ ကျော် အထိ မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝမ်းရောဂါဖြစ်ပွားလာပြီးနောက် ဩဂုတ်လတတိယအပတ်ကစလို့ စစ်တွေမြို့ပေါ် ရပ်ကွက်တွေနဲ့ မွတ်စလင်ကျေးရွာတွေကို သွားလာခွင့်ကန့်သတ်ထားပြီး မြို့ပေါ်ကလူတွေလည်း မွတ်စလင် ကျေးရွာကို သွားလာခွင့်မရှိသလို၊ မွတ်စလင်ကျေးရွာနဲ့ IDP Camp တွေက လူတွေဟာ လည်း မြို့ပေါ်သွားလာခွင့်မရှိဘဲ ကန့်သတ်ခံထားရတယ်လို့ စစ်တွေမြို့ခံ မွတ်စလင် အမျိုးသား တယောက်က ပြောပါတယ်။

“စစ်တွေမှာ ဝမ်းရောဂါတွေဖြစ်နေတာကြောင့် မွတ်စလင်ကျေးရွာတွေနဲ့ IDP Camp တွေက လူတွေကို မြို့ပေါ်သို့သွားလာခွင့် ကန့်သတ်ထားတာရှိတယ်။ မြို့က သူတွေလည်း ရွာတွေကို မသွားရဘူး။ ဝမ်းရောဂါက မြို့ပေါ်မှာရော ရွာတွေမှာပါဖြစ်နေကြတာဆိုတော့ ကူးစက်မှု မရှိအောင် ဆိုပြီး တားမြစ်ထားတာ။ မြို့ပေါ်က ဝမ်းရောဂါဖြစ်ပွားသူတွေက စစ်တွေဆေးရုံကြီးမှာ ကုသခွင့် ရပေမဲ့ မွတ်စလင်ရွာတွေနဲ့ IDP Camp တွေက သူတွေကတော့ သက္ကယ်ပြင်ဆေးရုံနဲ့ စောင့်ကြည့်ရေးစင်တာတွေမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဆေးကုသမှုနဲ့ပဲခံနေကြရတယ်။ မွတ်စလင်ကျေးရွာတွေမှာဆို ဆေးဝါးတွေမဝယ်နိုင်ကြလို့ အတော်လေးကို အခက်အခဲ ဖြစ်နေကြတယ်” လို့ပြောပါတယ်။

စစ်တွေမြို့နယ်က မွတ်စလင်ကျေးရွာတွေဖြစ်ကြတဲ့  သဲချောင်း ကျေးရွာ၊ သဲချောင်း IDP Camp၊ သက္ကယ်ပြင်ကျေးရွာ၊ ဘောဒူဖကျေးရွာ၊ မံစီ၊ အုန်းတောကြီး၊ အုန်းတောချေ၊ ဂျောပူဂျာနဲ့ ပလ္လင်ပြင်  တို့မှာ ဝမ်းရောဂါဖြစ်ပွားနေပြီး စစ်တွေမြို့ပေါ်မှာတော့ ဓညဝတီရပ်ကွက်နဲ့ ဆင်ကူးလမ်း ရပ်ကွက်က ရခိုင်စစ်ဘေးရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပါတယ်။

စစ်တွေမြို့ခံ မွတ်စလင်ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ စစ်တွေမြို့နယ်တွင်း ဝမ်းရောဂါ ဖြစ်ပွားပြီး မွတ်စလင်ကလေးငယ် အနည်းဆုံး ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့ကို စစ်အာဏာရှင်တပ်က ၂၀၂၄ ခုနှစ်ကတည်းက ‌ဆေးဝါးတင်သွင်းခွင့် ကန့်သတ် ထားတာကြောင့် ဆေးဝါးတွေအလွန်ဈေးကြီးသလို ဆေးဝါးတွေလည်း အလွယ်တကူ ဝယ်ယူလို့ မရဘူးလို့ စစ်တွေမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“အခု ဝမ်းရောဂါတွေဖြစ်ပွားနေကြတယ်။ မရှိဆင်းရဲသားတွေဆိုရင် ဆေးဝါးမပြည့်မစုံနဲ့ ကုသ နေကြရတယ်။ စစ်တွေမှာ ဆေးဝါးတင်သွင်းခွင့်ကန့်သတ်ခံထားရတော့ လိုအပ်တဲ့ ဆေးတိုင်းကို ဝယ်လို့ မရဘူး။ ရှိတဲ့ဆေးတွေကလည်း တအားဈေးကြီးတော့ ဆင်းရဲသားတွေအတွက် ဆေးဝယ်သောက်ဖို့ ဆိုတာ အရမ်းခက်ခဲတယ်” လို့ပြောပါတယ်။

စစ်တွေမှာ ဒေသခံတွေငါးဖမ်းခွင့် ပိတ်ပင်ထားသလို၊ ကုန်စည်စီးဆင်းမှုကိုလည်း စစ်အာဏာရှင် တပ်က ထိန်းချုပ်ထားလို့ အခြေခံလူတန်းစားတွေဟာ လတ်ဆတ်တဲ့ သား၊ ငါးနဲ့ ဟင်းသီးဟင်းရွက် တွေ မစားနိုင်ကြတော့ဘဲ ဈေးပေါပေါနဲ့ရတဲ့ အရည်အသွေးမမီတဲ့ အသားငါးတွေစားကြရလို့ ဝမ်းရောဂါဖြစ်လာကြတာလို့ ဒေသခံတွေက ပြောကြပါတယ်။ 

စစ်တွေမြို့နယ်က ပြည်သူတွေဟာ စစ်အာဏာရှင်တပ်က နှစ်လတကြိမ်ပို့တဲ့ ကုန်သင်္ဘောတွေ ရောက်မှ ကုန်စည်တွေကို ဝယ်ယူစားသုံးကြရတာဖြစ်ပါတယ်။

စစ်တွေမြို့နယ်အတွင်း ဝမ်းရောဂါဖြစ်ပွားနေတာနဲ့ ကလေးငယ်တွေသေဆုံးနေတာကို ပြည်နယ် စစ်အာဏာရှင်လက်အောက်ခံ အစိုးရက သတင်းထိမ်ချန်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013