
ဧရာဝတီတိုင်း မြောင်းမြမြို့၊ မြရတနာရပ်ကွက်မှာ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူးက လူငယ်တွေ ကို မတရားဖမ်းဆီးပြီး တခြားကျေးရွာအုပ်စုတွေအတွက် စစ်မှုထမ်းလူစားထိုးအဖြစ် ငွေကြေးရယူ ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၂၉ ရက်က မြရတနာရပ်ကွက်၊ ၄ လမ်းမှာ နေထိုင်တဲ့ အသက် ၂၀ ကျော်အရွယ် အောင်ကျော်စိုးကို စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး ညွန့်လှိုင်နဲ့အဖွဲ့က အဓမ္မဖမ်းဆီးခဲ့ပြီး မြောင်းမြ မြို့နယ် ငှက်ပျောတောကျေးရွာအတွက် စစ်မှုထမ်းဖို့ လူစားထိုးအဖြစ် ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က“ညွန့်လှိုင်က ရပ်ကွက်ထဲက လူငယ်တွေကို ဖမ်းပြီး စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားနေတာပါ။ အခု ဖမ်းခံရတဲ့ အောင်ကျော်စိုးကိုလည်း ငှက်ပျောတောကျေးရွာအတွက် လူစားထိုးအဖြစ် ပို့လိုက်တာလို့ သိရတယ်”လို့ ပြောပါတယ်။
အဆိုပါ စစ်မှုထမ်းလူစားထိုး ရောင်းချမှုကနေ ငွေကျပ် သိန်း ၁၈၀ လောက်ရရှိခဲ့ပြီး မြောင်းမြ မြို့နယ်အုပ်ချုပ်ရေးမှူး ရာဇာထွန်းကိုလည်း ငွေကျပ် သိန်း ၅၀ ကျော် ခွဲဝေပေးခဲ့ရတယ်လို့ သိရ ပါတယ်။
အုပ်ချုပ်ရေးမှူး ညွန့်လှိုင်ဟာ အခုလို စစ်မှုထမ်းဖို့ ပြည်သူတွေကို မတရားဖမ်းဆီးပြီး လူစားထိုး ရောင်းချနေတာ လူငယ်အရပ်သား ၁၂ယောက်ထက်မနည်းရှိပြီလို့ မြို့ခံတွေကဆိုပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်တဲ့ မြို့ခံတယောက်က “ဒီလိုကိစ္စတွေ ရှိနေတာကို မြို့နယ်အုပ်ချုပ်ရေးမှူးတွေ သိပါတယ်။ သူတို့ကိုယ်တိုင်က ပါဝင်ပတ်သက်နေတာ။ လူစားထိုးရောင်းစားပြီး ငွေကြေးခွဲဝေ ရရှိ နေတာကြောင့် တိုင်လည်း မထူးဘူး”လို့ ပြောပါတယ်။
မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး ရာဇာထွန်းဟာ စစ်မှုထမ်းလူစားထိုး ရောင်းချမှုကနေ ရရှိတဲ့ ငွေကြေးဝေစုတွေ ပုံမှန်ရရှိနေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းဖို့ ပြည်သူတွေ ကို ဖမ်းဆီးတာနဲ့ လူစားထိုးရောင်းချတာတွေ လုပ်ဆောင်ခွင့်ပေးထားပြီး အကာအကွယ် ပေးထား တယ်လို့ ဒေသခံတွေက ဆိုပါတယ်။










