
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ရွာကျေးရွာမှာ စစ်အာဏာရှင်ရဲ့ ရက် ၁၀၀ စီမံကိန်းအရ အိမ်ဂရန်တွေကို အခမဲ့ဆောင်ရွက်ပေးမယ်လို့ ပြောဆိုပြီးနောက် စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး ထွန်းဇော်က ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး ထွန်းဇော်ဟာ အိမ်ဂရန်ရရှိရေးအတွက် ငွေကြေးတပြားမှ ပေးစရာမလိုဘူးလို့ ပြောဆိုပြီး ကျေးရွာအတွင်း တအိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူခဲ့တာလို့ ဆိုပါတယ်။
စာရင်းကောက်ယူပြီး ၁၅ ရက်ခန့်အကြာမှာ အိမ်ထောင်စု ၁၅၇ စုအတွက် အိမ်ဂရန်တွေကို မြောင်းမြမြို့ရှိ မြရွှေဝါခန်းမမှာ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး ထွန်းဇော်က သွားရောက်ထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဂရန်ရရှိပြီးနောက် မြို့နယ်အရာရှိတွေကို ပေးရမယ်လို့ အကြောင်းပြပြီး အိမ်ဂရန်ရရှိထားတဲ့ အိမ်ထောင်စုတစ်စုကို ငွေကျပ် ၅ သောင်းစီ ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးတွေကတဆင့် လိုက်လံကောက်ခံခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အစကတော့ အိမ်ဂရန်ကို အခမဲ့ဆောင်ရွက်ပေးမယ်လို့ ပြောပြီး စာရင်းလာကောက်ခဲ့တာပါ။ ဂရန်ရပြီးတဲ့အခါကျမှ မြို့နယ်အရာရှိတွေကို ပေးရမယ်ဆိုပြီး တအိမ်ကို ၅ သောင်းစီ ထပ်တောင်းပါတယ်။ ကောက်ရတဲ့ငွေတွေကိုလည်း အုပ်ချုပ်ရေးမှူးဆီ ပြန်အပ်ခဲ့ရပါတယ်” လို့ ပြောပါတယ်။
မြောင်းမြမြို့နယ်၊ ပြင်ရွာကျေးရွာမှာ အစပိုင်းက အခမဲ့ဆောင်ရွက်ပေးမယ်လို့ ပြောဆိုပြီး စာရင်းကောက်ယူခဲ့ပေမဲ့ ဂရန်ရရှိပြီးချိန်မှာ ငွေကျပ် ၅ သောင်းစီ ကောက်ခံတာအပြင် မြေပုံစံ (၁၀) ရရှိဖို့အတွက် ငွေကျပ် ၄ သိန်း ထပ်မံတောင်းခံနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ငွေကောက်ခံခွင့် လုံးဝမရှိပါဘူး။ ခွင့်မပြုထားပါဘူး။ စီမံချက်နဲ့ လုပ်တဲ့အလုပ်မို့ ပိုအရေးကြီးပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဒေသခံတွေအနေနဲ့ မြေပုံစံ (၁၀) ရရှိဖို့အတွက် တအိမ်ကို ငွေကျပ် ၄ သိန်းစီ ထပ်မံပေးဆောင်ရမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောဆိုနေတဲ့အပြင် အဲဒီငွေကြေးကို မပေးနိုင်တဲ့ ဒေသခံတွေဟာ စစ်မှုထမ်းဖို့၊ အာဏာဖီဆန်မှုတို့နဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်တာတွေကိုပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်က ကြေညာထားတဲ့ ရက် ၁၀၀ စီမံကိန်းမှာ မြေအမျိုးအစားပြောင်းလဲတာနဲ့ အိမ်ဂရန်ဆိုင်ရာ လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အခမဲ့ ဒါမှမဟုတ် ကုန်ကျစရိတ်နည်းပါးစွာနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးမယ်လို့ ဖော်ပြထားပါတယ်။











