
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ သစ်ချိုပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်မြို့နယ်၊ သဲကြဲကြီးကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၈ နှစ်အရွယ် သစ်ချိုပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဟာ စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီခွဲလောက်က နေအိမ်မှာရှိနေတုန်း ဆိုင်ကယ် ၂ စီးနဲ့ရောက်လာတဲ့ အမျိုးသား ၄ ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးက နေအိမ်မှာ ပစ်သတ်ခံရတာ။ ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားတွေက ပစ်သတ်သွားတာ။ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ သိရတယ်။ ဘယ်အဖွဲ့က ပစ်သတ်တာလဲတော့ မသိဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်လက်ဝေခံမီဒီယာတွေကတော့ PDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ စွပ်စွဲရေးသားဖြန့်ဝေနေတာတွေ့ရပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဘက်က တစုံတရာ ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။











