
မြောက်ဥက္ကလာပမြို့နယ်နဲ့ ရွှေပေါက်ကံမြို့နယ်မှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးစစ်မင်းအောင်က လူငယ်တွေကို ဖမ်းဆီးကာ ကျပ် ၁၀ သိန်းမှ သိန်း ၆၀ အထိတောင်းတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၉ ရက် ည ၇ နာရီကျော်က အောင်မင်္ဂလာအဝေးပြေးဝင်းမှာ ဗိုလ်မှူး စစ်မင်းအောင်နဲ့ စစ်တပ်သတင်ပေးတွေက လူငယ်တယောက်ကို ဖုန်းစစ်ဆေးကာ ဖမ်းဆီးပြီး ၂၅ သိန်းနဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဖြစ်စဥ်သိသူတယောက်က DVB ကို ပြောပါတယ်။
"ကားလက်မှတ်လာဝယ်တဲ့ ကောင်လေးကို ဖုန်းတွေစစ်ပြီး ဖမ်းခေါ်သွားပြီး စစ်ထဲအတင်းထည့်မယ်လုပ်လို့ ကောင်လေးက မိဘတွေဆီ ဖုန်းဆက်ပြီး သိန်း ၂၅ တောင်းပေးလိုက်ရတယ်။ ဖမ်းခံရတဲ့ ကောင်လေးက ရန်ကုန်ကမဟုတ်ဘူး၊ နယ်ကနေ စိုက်ပျိုးရေးပစွည်းတွေ လာဝယ်တာ။”
စက်တင်ဘာ ၈ ရက် ည ၈ နာရီကလည်း ရွှေပေါက်ကံမြို့သစ် ပုဂံလမ်းမကြီးပေါ်မှာ ဗိုလ်မှူးစစ်မင်းအောင်နဲ့အဖွဲ့ဟာ အိုးဝေတတစီးကို ဖမ်းဆီးကာ ယာဥ်မောင်းနဲ့ခရီးသည်ကောင်လေး ၂ ယောက်ဆီက ၄၅ သိန်းတောင်းခဲ့တယ်လို့ ကယ်ရီမောင်းသူတယောက်က DVB ကို ပြောပါတယ်။
"ရွှေပေါက်ကံ ကမ်းပတ်တာလမ်းမှာ အိုးဝေကိုဖမ်းပြီး ၄၅ သိန်းတောင်းတယ်။ အိုးဝေသမားက မနည်းတောင်းပန်ပြီး ၁၀ သိန်းနဲ့ညှိရတယ်၊ အိုးဝေပေါ်မှာလိုက်လာတဲ့ ကောင်လေး ၂ ယောက်က ၃၅ သိန်းပေးရတယ်။”
ဗိုလ်မှူးစစ်မင်းအောင်မှာ မြောက်ဥက္ကလာမြို့နယ် နယ်မြေလုံခြုံရေးအတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်က ပြောင်းရွှေ့လာတာလို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
"ဗိုလ်မှူးဝေဖြိုးလင်း ပြောင်းပြီး သူရောက်လာတာ။ ဗိုလ်မှူးစစ်မင်းအောင်က အရင်လူတွေထက် ပိုဆိုးတယ်။ ညဘက်ဆို စိုက်ပျိုးရေးရပ်ကွက်က သူခိုးဂျပိုးတွေကို ကားပေါ်တင်ပြီး လမ်းကြိုလမ်းကြား အကုန်ပါတ်တာ။ လုံခြုံရေးအတွက်မဟုတ်ဘူး၊ တွေ့တဲ့သူဖမ်းမယ်၊ ငွေညှစ်မယ်၊ မပေးနိုင်ရင် စစ်မှုထမ်း လူအစားထိုးဖို့အတွက် ပြန်ရောင်းမယ်။”
ရွေးကောက်ပွဲမတိုင်ခင် ရောက်လာတဲ့ ဗိုလ်မှူးဝေဖြိုးလင်းမှာ အုပ်ချုပ်ရေးအဖွဲ့နဲ့ပေါင်းကာ စစ်မှုထမ်း လူအစားထိုးရောင်းစာရာမှာ ပါဝင်ခဲ့တာကြောင့် စစ်ဘက်ကိုပြန်ခေါ်ပြီးနောက် ဗိုလ်မှူးစစ်မင်းအောင်ကို ခန့်ထားခဲ့တာလို့ ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းပြီး မြောက်ဥက္ကလာပမြို့နယ်မှာ နယ်မြေလုံခြုံရေးအတွက် ဗိုလ်မှူးချမ်းမြဦး၊ ဗိုလ်မှူးဝေဖြိုးလင်း၊ ဗိုလ်မှူး စစ်မင်းအောင်တိုကို အာဏာရှင်စစ်တပ်က တာဝန်ပေးခဲ့ပါတယ်။











