
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြို့ကုန်းကျေးရွာမှာ အသက် ၁၀ နှစ်အရွယ် တတိယတန်းကျောင်းသားတယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူ ကျောင်းသား မောင်ကောင်းပြည့်စုံဟာ ကြို့ကုန်းကျေးရွာကဖြစ်ပြီး ဩဂုတ် ၁၈ ရက်ညနေ ၄ နာရီ လောက်မှာ စာသင်ကျောင်းကနေ အပြန် ရေနစ်ပျောက်ဆုံးခဲ့ပြီး ဩဂုတ် ၁၉ ရက် ညနေ ၂ နာရီကျော်မှာ ရေစီးသန်တဲ့ လယ်မြောင်းကြီးအတွင်း ကိုင်းဘုတ်တွေကြားမှာ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတယောက်က “ကလေးအလောင်းကို ရေနစ်ထားတဲ့ပုံစံနဲ့ ပြန်တွေ့တာ။ ၁၈ ရက်နေ့ကတည်းက လိုက်ရှာနေတာ။ ၁၉ ရက်နေ့ ညနေပိုင်းမှာ သေဆုံးအလောင်း ကို ပြန်တွေ့တာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ငဝန်မြစ်ကို ကာထားတဲ့ ရေကာတာ ပေါင်ကျိုးပေါက်တာ ကြောင့် ရေကြီးရေလျှံနေတဲ့ လေးမျက်နှာမြို့နယ်မှာ သြဂုတ် ၁၇ ရက်က စတင်ပြီး ငဝန်မြစ်ရေပါ မြင့်တက်လာတာကြောင့် ဆက်လက် ရေကြီးရေလျှံနေတယ်လို့ သိရပါတယ်။
ဒေသခံအရပ်သားတယောက်က “ဒီဘက် လေးမျက်နှာမှာက တာကျိုးလို့ဝင်နေတဲ့ ရေနဲ့ မြစ်ရေတွေ တက်လာတာနဲ့ရောပြီး ရေကြီးနေတုန်းပါပဲ။ နေရာအများစု မြုပ်နေဆဲပါပဲ။ အခုက ရေစီးလည်း သန်တယ်” လို့ ပြောပါတယ်။
ရေကြီးရေလျှံနေတဲ့ကြားက လေးမျက်နှာမြို့နယ်ထဲက တချို့စာသင်ကျောင်းတွေ ဖွင့်လှစ်ထားတာ ကြောင့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ လုံခြုံရေးနဲ့ သွားလာရေးအခြေအနေတွေ အပေါ် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ရေကြီးရေလျှံမှု အဆိုးဆုံးဖြစ်နေတဲ့ လေးမျက်နှာမြို့နယ်ထဲက မရမ်းအိုင်းကျေးရွာဘက်မှာ သြဂုတ် ၁၉ ရက်က ရေနစ်သေဆုံးနေတဲ့ အမျိုးသားအလောင်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်ကလည်း ရေလွှမ်းမိုးတဲ့ဒဏ်ခံနေရတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က ရေဘေးဒုက္ခသည်တွေအား လာရောက်ကူညီလှူဒါန်းဖို့လာတဲ့အဖွဲ့က လူငယ်တယောက် ရေစီးနဲ့ မျောပါ သေဆုံးခဲ့သေးတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကသိရပါတယ်။
သြဂုတ် ၅ ရက်ကလည်း လေးမျက်နှာမြို့နယ်၊ အမှတ် ၃ ရပ်ကွက်မှာ သက်ကြီးပိုင်း အမျိုးသမီးတယောက် ရေနစ်သေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ်နဲ့ အနီးဆုံးဖြစ်ပြီး လတ်တလော ရေကြီးရေလျှံနေတဲ့ ငါးသိုင်းချောင်းမြို့မှာ သြဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ အမျိုးသား ၂ ယောက်ရေနစ်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီကျော်ကလည်း ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ ဝဲချောင်းကျေးရွာအနီး ရွှေမြစ်ထဲမှာ မောင်းနှင်လာတဲ့ စက်လှေဟာ တဖက်ကလာတဲ့ စက်လှေတစီးကို ရှောင်လိုက်ရာကနေ ရုတ်တရက် တိမ်းမှောက်သွားပြီး လူတယောက် ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူတယောက်က “တိုက်တာ မဟုတ်ပါဘူး။ မှောက်သွားတာပါ။ မှောက်သွားတဲ့ စက်လှေက စီဘီတွဲသင်္ဘောကို ရှောင်လိုက်တာပါ။ မှောက်သွားတဲ့ စက်လှေက ကမ်းဘေးကို ထိုးဆိုက်သွားတာ။ စက်လှေဦးပိုင်း ထောင်သွားပြီး စက်လှေရဲ့ ပဲ့ပိုင်းထဲ ရေတွေဝင်ပြီး မြုပ်သွားတာ။ စက်လှေပေါ်က အမျိုးသားတဦး ပျောက်နေတာပါ” လို့ ပြောပါတယ်။
စက်လှေတိမ်းမှောက်တာကြောင့် ပျောက်ဆုံးနေတဲ့ အမျိုးသားကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဩဂုတ် ၂၀ ရက် မနက်ပိုင်းအထိ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။











