
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်မှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေထဲကို စပါး အပင် ဖျက် ရွှေခရုတွေ ကျရောက်နေကာ လယ်ဧကအများအပြား ပျက်စီးသွားမဲ့ အခြေအနေနဲ့ ကြုံနေရ တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
မြောင်းမြခရိုင်ထဲက အိမ်မဲ၊ ဝါးခယ်မ၊ မြောင်းမြ စတဲ့မြို့နယ်တွေမှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေထဲကို ဩဂုတ်လ ဒုတိယအပတ်က စတင်ပြီး စပါးအပင်ဖျက် ရွှေခရုတွေ ကျရောက် နေတာလို့ ဆိုပါတယ်။
အိမ်မဲမြို့နယ်က တောင်သူတယောက်က “ပျက်လိုက်၊ ပြန်ဖာထေးစိုက်လိုက် လုပ်နေတာ။ မတတ် နိုင်တော့ဘူး။ ကိုက်ဖျက်ဆီးခံရတာ နှစ်ခါရှိပြီ။ အခုအချိန် စိုက်ပျိုးစရိတ်ရှိလို့ အစားထိုး ပြန်စိုက်မယ်ဆိုလည်း အတော်နောက်ကျနေပြီ။ စိုက်စရာအရင်းအနှီးလည်း မရှိဘူး” လို့ ပြောပါတယ်။
လတ်တလော မြောင်းမြခရိုင်ထဲက အိမ်မဲ၊ မြောင်းမြ၊ ဝါးခယ်မမြို့နယ်ထဲမှာ လယ်ဧကထောင်ချီ ပျက်စီးမဲ့ အခြေအနေနဲ့ကြုံနေရပြီး ငွေကြေးတတ်နိုင်တဲ့ လယ်သမားတွေက ခရုသတ်ဆေးဝယ်ဖြန်း ပေမဲ့ ငွေကြေးမတတ်နိုင်တဲ့ တနိုင်တပိုင်လယ်သမားတွေက အဓိကအခက်ကြုံနေရတယ်လို့ ဆိုပါတယ်။
စိုက်ပျိုးရေးပညာရှင်တယောက်က “ရေကြီးတော့ ခရုတွေ ထပ်ပြန့်လာတဲ့အခြေအနေပါ။ ရွှေခရု သတ်ဆေးတွေ သုံးစွဲပြီး ဖြန်းပါ။ လုပ်လို့ရပါတယ်။ လူရဲ့လုပ်အားနဲ့လည်း ကောက်ယူ ဖျက်ဆီးတာ တွေလုပ်ဖို့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။
အခုနှစ် ကျရောက်နေတဲ့ ရွှေခရုတွေဟာ ကောက်ယူဖျက်ဆီးလို့ မနိုင်တဲ့အထိ ဖြစ်နေပြီး ကောက်ယူဖျက်ဆီးတဲ့စနစ်ကို လုပ်တဲ့တောင်သူတွေရဲ့ စပါးခင်းတွေထဲကိုလည်း ရွှေခရုတွေ ထပ်မံ ကျရောက် ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
အခုနှစ် မိုးသီးနှံစိုက်ပျိုးတဲ့ရာသီမှာ မြောင်းမြခရိုင်ထဲက အိမ်မဲ၊ ဝါးခယ်မ၊ မြောင်းမြစတဲ့ မြို့နယ်တွေမှာ စပါးလျာထားဧက ၅၂၁,၀၀၀ ကျော် စိုက်ပျိုးထားတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။
အခုနှစ် မိုးသီးနှံစိုက်ပျိုးတဲ့ရာသီမှာ မြောင်းမြခရိုင်ထဲက အိမ်မဲမြို့နယ်မှာ စပါးဧက ၁၄၃,၀၀၀ ကျော်၊ ဝါးခယ်မမြို့နယ်မှာ စပါးဧက ၂၁၃,၀၀၀ ကျော်နဲ့ မြောင်းမြမြို့နယ်မှာ ၁၆၅,၀၀၀ ကျော် စိုက်ပျိုးထားတယ်လို့သိရပြီး တောင်သူတွေဟာ ရွှေခရုအန္တရာယ်အပြင် ရေကြီးရေလျှံ နစ်မြုပ်မှု ဘေးကိုပါ စိုးရိမ်နေရပါတယ်။











