
မြန်မာလူငယ်တွေ တိုင်းတပါးကို သွားရောက် အလုပ်လုပ်ကိုင်တာဟာ နိုင်ငံအတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်တွေ ဆုံးရှုံးရတယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက လူငယ်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက တုံ့ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုပေးပွဲ အခမ်းအနားတခုမှာ စစ်အာဏာရှင် မင်းအောင်လှိုင်က လူငယ်တွေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေတာဟာ တိုင်းပြည်အတွက် နစ်နာကြောင်းနဲ့ နိုင်ငံကသင်ကြားပေးတဲ့ ပညာရပ်တွေနဲ့ မိမိနိုင်ငံကို ပြန်လည်ကျေးဇူးဆပ်ကြဖို့ ပြောဆိုခဲ့တာပါ။
စစ်အာဏာရှင်ရဲ့ ဒီလိုပြောဆိုမှုဟာ မြေပြင်အရှိတရားနဲ့ လုံးဝ ဆန့်ကျင်နေပြီး လူငယ်တွေ ပြည်ပကို ထွက်ခွာနေရတာဟာ မိမိတို့ဆန္ဒအတိုင်း ထွက်ခွာနေရတာ မဟုတ်ဘဲ စစ်အာဏာရှင် အသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေနဲ့ အဘက်ဘက်က ဖိနှိပ်မှုတွေကြောင့် အသက်ရှင်သန်ရေးအတွက် ထွက်ခွာနေကြရတာလို့ ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး-၂ မခင်နီက ထောက်ပြပါတယ်။
"နိုင်ငံရဲ့အရင်းအမြစ်တွေ ဆုံးရှုံးရတယ် ဆိုတာက ပြည်ပကိုထွက်နေတဲ့ လူငယ်တွေကြောင့် မဟုတ်ဘူး။ ဒီစစ်အာဏာရှင်စနစ်ကသာ နိုင်ငံရဲ့အရင်းအမြစ်တွေကို ဖျက်ဆီးပစ်ခဲ့တာ။ လူတွေက စစ်မှုထမ်းရမှာကိုလည်း သေလောက်အောင် ကြောက်ကြတယ်။ တခြားနိုင်ငံမှာ ငတ်ပြတ်ပြီးတော့ ဘဝကို ရှင်သန်ရမှာလည်း ကြောက်တာပဲ။ ဒါပေမဲ့ စစ်မှုထမ်းဥပဒေနဲ့ ယှဉ်ပြီးတော့ ရွေးရမယ် ဆိုရင်တောင်မှ ငတ်ပြတ်နေရတာကိုပဲ ရွေးနေရတယ် ဆိုကတည်းကိုက ဒီစစ်တပ်က လူထုကို ဘယ်လောက်တောင်မှ ချောက်ချားစေသလဲ ဆိုတာကို တွေ့နိုင်တယ်။”
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြိုလဲသွားတဲ့အပြင် မတရား စစ်မှုထမ်းဥပဒေ ကျင့်သုံးလိုက်တာဟာ လူငယ်တွေရဲ့ ပညာရေးနဲ့ ဘဝအနာဂတ်တွေကို ထိခိုက် ပျက်စီးစေခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာခဲ့ရတဲ့ လူငယ်တယောက်ဖြစ်တဲ့ ကိုသူရိန် (အမည်လွှဲ) ကတော့ အာဏာသိမ်းမှုဖြစ်စဉ်နဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းမှာ ဆည်းပူးခဲ့တဲ့ ပညာရေးနဲ့ ဘဝအိပ်မက်တွေကို စွန့်လွှတ်ခဲ့ရပြီး ပညာရေး အသက်ဆက်ဖို့ လက်လှမ်းမီနိုင်တဲ့ ထိုင်းနိုင်ငံကို ရွေးချယ်ခဲ့ပြီး ပညာဆက်လက်သင်ယူနေပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်ကတည်းက လူငယ်တွေရဲ့ အိပ်မက်တွေ ရိုက်ချိုးခံလိုက်ရပြီး စစ်မှုထမ်းဥပဒေ ထပ်ထွက်လာချိန်မှာတော့ လူငယ်တွေရဲ့ အိပ်မက်တွေဟာ ထပ်ပြီး နင်းချေခံခဲ့ရတယ်လို့ ကိုသူရိန်က ပြောပါတယ်။
“နောက်ဆုံးမှာ ကျနော်တို့ လမ်းသွားရင်တောင် ကိုယ့်ဘဝနဲ့ ကိုယ့်ရဲ့ အသက်လုံခြုံရေးကိုတောင် စိုးရိမ်ရတဲ့ အခြေအနေတွေထိ ဖြစ်လာခဲ့ကြတာပေါ့။ ဆိုတော့ အဲဒီအခြေအနေတွေကြောင့်ပဲ နိုင်ငံခြားသွားဖို့ကပဲ ကျနော်တို့အတွက် အခွင့်အလမ်း တခုလိုမျိုး ဖြစ်လာတယ်ပေါ့။ ဒါကပဲ ကျနော်တို့အတွက် လွတ်မြောက်ဖို့ဆိုတဲ့ အရာတခု ဖြစ်လာတယ်ပေါ့။ ကျနော်တို့ရဲ့ အိပ်မက်တွေက အကောင်အထည်ဖော်ဖို့ဆိုတာ အင်မတန် အလှမ်းဝေးသွားတဲ့ အနေအထားတွေ ဖြစ်တယ်ပေါ့။ မြန်မာပြည်မှာတုန်းက ဆရာဝန်လုပ်နေတဲ့ ကျနော်တို့ လူငယ်တွေ ဒီဘက် ကျနော်တို့ တခြားနိုင်ငံတခု ရောက်လာတဲ့အခါမှာ ကျနော်တို့ အောက်ခြေသိမ်း အလုပ်သမားတွေ ပြန်ပြီးတော့ လုပ်ရတာမျိုးအထိတောင် ကြုံရတယ်။ ဆိုတော့ ကျနော်တို့က ကျနော်တို့ ဘယ်လိုပညာပဲ တတ်ခဲ့သည်ဖြစ်စေ ဘယ်လိုအိပ်မက်တွေ မက်ခဲ့သည်ဖြစ်စေ ဒီနေရာမှာတော့ ကျနော်တို့ရဲ့ အိပ်မက်တွေ အကုန်လုံးကတော့ တစစီဖြစ်သွားခဲ့ပြီ ဆိုတာကိုပဲ ပြောရမှာပေါ့။”
အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီး ဥပဒေအရ စစ်မှုထမ်း ဆင့်ခေါ်တယ်လို့ ဆိုပေမဲ့ မြေပြင်မှာတော့ ဥပဒေနဲ့မညီတဲ့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကိုပါ လုပ်နေတာပါ။
ထားဝယ်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) တာဝန်ခံ ကိုမင်းလွင်ဦး ကတော့ စစ်အုပ်စုဟာ လမ်းတွေမှာပါ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်သလို စစ်မှုထမ်းကာလ ပြည့်ပေမဲ့ ပြန်မလွှတ်ဘဲ လူငယ်တွေရဲ့ အသက်တွေ စတေးခံနေရတယ်လို့ ပြောပါတယ်။
“စစ်ကော်မရှင် အသွင်ပြောင်းအစိုးရအနေနဲ့ စစ်ကောင်စီက သူတို့ အတင်းအဓမ္မ ပြဋ္ဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ဆက်လက်ကိုင်စွဲပြီးတော့ အတင်းအဓမ္မ တပ်သားသစ်တွေ စုဆောင်းတာတွေက ရှိနေဆဲဖြစ်တယ်။ ပိုဆိုးတာက သူတို့ပြဋ္ဌာန်းတဲ့ ဥပဒေပြဋ္ဌာန်းချက်နဲ့ မညီဘဲနဲ့ ဖမ်းဆီးတာတွေ၊ အတင်း တပ်သားစုဆောင်းတယ်ဆိုတဲ့ ဟာမျိုးတွေက ရှိနေတာ နေ့စဉ်နဲ့အမျှ ကြားနေရတာပဲဗျာ။ စစ်မှုထမ်းသက် ပြည့်လျက်နဲ့ ပြန်မလွှတ်ဘဲ သေသလား၊ ရှင်သလား မသိတဲ့ လူငယ်တွေလည်း အများကြီး ရှိနေတာကို ကြားရတယ်။ သူတို့ ဖမ်းဆီး စုဆောင်းပြီးတော့ သူတို့ မြေပြင်မှာ လူငယ်တွေရဲ့ အသက်ကို အလဟဿ စတေးခံနေရတာမျိုးတွေ ရှိနေဆဲ ဖြစ်ပါတယ်။”
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ဇူလိုင် ၃၀ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ခန့်မှန်းခြေ လူငယ် ၁ သန်းဝန်းကျင် ပြည်ပကို ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၇၅ ရာခိုင်နှုန်းကျော်ဟာ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေနဲ့ အဆက်ပြတ်သွားခဲ့ပြီး လူငယ် ၄ ယောက်မှာ ၁ ယောက်နှုန်း အလုပ်အကိုင်မရှိ ဖြစ်နေတယ်လို့ သိရပါတယ်။
မြတ်သဇင်











