
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဇွန် ၁၉ ရက် ညနေက စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီနေ့က ညနေ ၅ နာရီလောက်မှာ ကျောချောင်း အနောက်ဘက်ကမ်းမှာရှိတဲ့ ချောင်းကူးရွာ စစ်တပ်အထိုင်စခန်းကနေ ဂွေးဂုံရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတာပါ။ ဗုံးသီးတလုံးက ရွာထဲမှာရှိတဲ့ အိမ်တလုံးပေါ်ကျပြီး အိမ်ပျက်စီးသွားတယ်။ အိမ်ပိုင်ရှင် အသက် ၄၀ ကျော် အမျိုးသားတယောက် နေရာတင် ဆုံးတယ်။ သူ့အမျိုးသမီးနဲ့ ကလေးလည်း ဒဏ်ရာရကြတယ်” လို့ DVB ကို ပြောပါတယ်။
ပေါက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူတယောက်က “ဂွေးဂုံရွာက ပေါက်ရဲ့ အနောက်တောင်ဘက်မှာ ရှိတာ။ အဲဒီဘက်မှာ သူတို့ဘက်က စစ်ကြောင်းဝင်နေပေမဲ့ အခု ဗုံးကြဲခံရတဲ့ ဂွေးဂုံရွာနဲ့တော့ မနီးဘူး။ စစ်တပ်ဘက်က ချောင်းကူးရွာထဲမှာ အထိုင်နေပြီးတော့ ပေါက် ကပစ ၂၄ အတွက် ကာကင်းစခန်းလို လုပ်ထားတာ ကြာပြီ။ အဲဒီကနေ ပတ်ဝန်းကျင်ရွာတွေဘက်ကို ဒရုန်းတွေလွှတ်ပြီး ဗုံးကြဲတာတွေ မကြာခဏ လုပ်လေ့ရှိတယ်" လို့ ပြောပါတယ်။
ပေါက်မြို့နယ် အနောက်တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းအပြင် အခုရက်ပိုင်းမှာ ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ ထဲကနေ စစ်ကြောင်းထွက်ဖို့ ထပ်မံပြင်ဆင်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေနဲ့ လေကြောင်းရန်အန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့ ပေါက်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










