DVB Logo
Home
မြန်မာသတင်း
မြန်မာ ရွှေ့ပြောင်းကလေးငယ်များကို အခမဲ့ပညာသင်မပေးရန် ထိုင်းမျိုးချစ်အဖွဲ့ တောင်းဆို 
DVB
·
March 18, 2026
Photo: Khaosod 
Photo: Khaosod 
Donate to DVB

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကလေးသူငယ်တွေရဲ့ အခမဲ့ပညာသင်ကြားခွင့်ကို ကန့်ကွက်တဲ့အကြောင်း ထိုင်းအမျိုးသားရေး တက်ကြွလှုပ်ရှားအဖွဲ့တဖွဲ့ဖြစ်တဲ့ Thai Intolerance Team က ထိုင်းပညာရေးဝန်ကြီးဌာနဆီ ပန်ကြားလွှာတင်သွင်းလိုက်တဲ့အကြောင်း Khaosod သတင်းမှာ မတ် ၁၇ ရက်က ဖော်ပြပါတယ်။

အရပ်အခေါ် နှုတ်ခမ်းမွှေးလို့ သိကြတဲ့ တက်ကြွလှုပ်ရှားသူ တေးအာချီဝ ဦးဆောင်တဲ့အဖွဲ့က ထိုင်းနိုင်ငံသားမဟုတ်သူ၊ ဒါမှမဟုတ် အိမ်ထောင်စုစာရင်းမရှိတဲ့ ကလေးသူငယ်တွေကို အခမဲ့ပညာသင်ကြားခွင့်ပေးတဲ့ မူဝါဒကို ကန့်ကွက်ကြောင်း လက်မှတ်ပေါင်း ၈၆,၀၀၀ ကျော်ပါဝင်တဲ့ စာကိုကို တင်သွင်းခဲ့တာပါ။

သူတို့အဖွဲ့ဟာ ဝန်ကြီးဌာနရှေ့မှာ မနေ့မနက် ၁၁ နာရီလောက်က စုဝေးခဲ့ကြပြီး တရားဝင်အထောက်အထားမရှိတဲ့ ကျောင်းသားတွေကို ကျောင်းအပ်နှံခွင့်ပြုတဲ့ ၂၀၂၅ ခု နှစ် စည်းမျဉ်းကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဆိုပါမူဝါဒဟာ ရွှေ့ပြောင်းကလေးသူငယ်တွေထက် ထိုင်းကျောင်းသားတွေကိုသာ ဦးစားပေးသင့်ကြောင်း  တေးအာချီဝက ပြောကြားခဲ့သလို ထိုင်းကလေးငယ်တချို့တောင် အဲဒီလို အခမဲ့ပညာသင်ကြားခွင့် မရရှိသေးကြောင်း ထောက်ပြခဲ့တာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံသားမဟုတ်တဲ့ ကျောင်းသားတွေကို ထောက်ပံ့ဖို့အတွက် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေး ဘတ်သန်း ၈၀၀ ကျော်ကို အသုံးပြုနေမှုအပေါ်လည်း သူက မေးခွန်းထုတ်ခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ ထိုင်းကလေးငယ်တွေအတွက် လုံလောက်တဲ့ အခွင့်အရေးတွေကို ဦးစွာဆောင်ရွက်ပေးသင့်တယ်လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီးတော့ အဆိုပါမူဝါဒကို အလွဲသုံးစားလုပ်ခံရနိုင်တဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး လူပုဂ္ဂိုလ်တချို့က နိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ရဖို့အတွက် အဆိုပါအခွင့်အရေးကို မမှန်မကန် အသုံးပြုလာပါက လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေ ရှိလာနိုင်ကြောင်းလည်း ပြောလိုက်တာပါ။

လက်ရှိမှာတော့ ထိုင်းပညာရေးဝန်ကြီးဌာန ကိုယ်စားလှယ်တယောက်က အဆိုပါ ပန်ကြားလွှာကို လက်ခံရယူခဲ့ပြီး ဒီကိစ္စကို ထည့်သွင်းစဉ်းစားသွားမယ့်အကြောင်း တုံ့ပြန်လိုက်ပါတယ်။

တေးအာချီဝကတော့ တကယ်လို့များ တိုးတက်မှုတစုံတရာ မရှိပါက ဒီကိစ္စကို ဝန်ကြီးချုပ်ရုံးအထိ တင်ပြသွားမယ်လို့ ပြောထားပြီး အစိုးရအနေနဲ့ ဒီမူဝါဒကို အရေးပေါ် ပယ်ဖျက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ကလေးတွေအားလုံး ပညာသင်ကြားခွင့်အတွက် ကျောင်းအပ် လက်ခံပေးဖို့ ထိုင်းပညာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လထဲမှာ ညွှန်ကြားထားခဲ့တာပါ။

အခြေခံပညာဌာနက ထုတ်ပြန်ထားတဲ့  လမ်းညွှန်ချက်တွေနဲ့  စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ကလေးတွေကို ကျောင်းအပ်လက်ခံပေးဖို့  တိုက်တွန်းကြောင်း ထိုင်းဘာသာနဲ့ ညွှန်ကြားထားတာဖြစ်ပြီး ဒီအပေါ် ထိုင်းရောက်မြန်မာအသိုက်အဝန်း  ကြိုဆိုနေကြပါတယ်။

ထိုင်းနိုင်ငံမှာတော့ တရားဝင်မှတ်ပုံတင်ထားတဲ့  မြန်မာအလုပ်သမား စုစုပေါင်း ၂ သန်းကျော်နဲ့ မှတ်ပုံမတင်ရသေးတဲ့သူ ၂ သန်းကျော် ရှိနေနိုင်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။ 

Source: Khaosod 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013