ကိုစူရတ်၏ အာမခံအယူခံ ထပ်မံပယ်ချခံရ၊ ဧည့်လာတွေ့သူများကို ထိုင်းမျိုးချစ်များက စောင့်ကြည့်

ထိုင်းနိုင်ငံရောက်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူ စူရတ်ဂီရိ (ခေါ်) ဗီရာ ဆန်သောင်ရဲ့ အာမခံအယူခံကို ထိုင်းတရားရုံးက ထပ်မံပယ်ချလိုက်သလို ကန်ချနဘူရီ အချုပ်ခန်းရှေ့မှာ ဧည့်လာတွေ့သူတွေကို ထိုင်းအမျိုးသားရေး အစွန်းရောက်အဖွဲ့တွေက စောင့်ကြည့်နေတာတွေ ရှိနေတယ်လို့ ကိုစူရတ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မွေးစာရင်း အထောက်အထားအတု ပြုလုပ်မှုနဲ့ စွပ်စွဲခံထားရတာကို ကန်ချနဘူရီ ရဲစခန်းမှာ ကိုယ်တိုင်သွားရောက် ဖြေရှင်းရင်း ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ Bright Future အဖွဲ့ ဦးဆောင်သူ ကိုစူရတ်အတွက် ပြီးခဲ့တဲ့တနင်္လာနေ့က ထိုင်းဘတ်ငွေ ၁ သိန်းနဲ့ အာမခံ ထပ်တင်ခဲ့ပေမဲ့ တရားရုံးက ထပ်မံပယ်ချလိုက်ပါတယ်။
ဖမ်းဆီးခံရပြီး နောက်တနေ့မှာ အာမခံတင်ပေမဲ့ ပယ်ချခံရသလို တနင်္လာနေ့မှာတင်တဲ့ ဒုတိယအကြိမ် အာမခံကိုလည်း ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို အာမခံ မရသေးတဲ့အပြင် ကန်ချနဘူရီ အချုပ်ခန်းထဲမှာ ရှိနေတဲ့ ကိုစူရတ်ဆီ အစားအသောက် လာပို့တဲ့သူတွေကိုပါ အချုပ်ရှေ့မှာ စောင့်ကြည့်နေတဲ့ ထိုင်းအစွန်းရောက် အဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းနေပါတယ်။
ဒါဟာ ကိုစူရတ် တယောက်တည်းကို ဖိနှိပ်တာမဟုတ်ဘဲ ပြည်ပရောက် မြန်မာလုပ်သားထု တရပ်လုံးရဲ့ အခွင့်အရေး ထုတ်ဖော်ပြောဆိုခွင့်ကို ပစ်မှတ်ထားတာလို့ အမှုကို အနီးကပ် လိုက်ပါကူညီပေးနေတဲ့ လုပ်ဖော်ကိုင်ဖက်တယောက်က ပြောပါတယ်။
“ကန်ချနဘူရီ အချုပ်အရှေ့မှာ မျိုးချစ်အစွန်းရောက်တွေက လာတဲ့လူတွေကို စောင့်ကြည့်တာ၊ စစ်ဆေးတာ ဒါတွေ အပြင်းအထန်လုပ်နေတယ်လို့ ကျနော် ကြားရပါတယ်ခင်ဗျ။ ဒါက ရာဇဝတ်မှု မဟုတ်ဘူး၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုတွေ မဟုတ်ဘူး။ ဒါ နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုပေါ့နော်။ တကယ်လို့ စူရတ် ကျသွားတာက စူရတ် တယောက်တည်း ကျတာမဟုတ်ဘဲနဲ့ ကျနော်တို့ မလေးရှား၊ ထိုင်း၊ စင်ကာပူ စတဲ့နေရာတွေ ရောက်နေတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ထုတ်ဖော်ပြောဆိုခွင့် ကျဆုံးသွားတာလို့ ကျနော်တို့ ပြောလို့ရတယ်၊ ဒီအခြေအနေဟာပေါ့။”
ကိုစူရတ် အဖမ်းခံရတာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ UNHCR အပါအဝင် ILO နဲ့ IOM တို့ဆီ အကြောင်းကြားခဲ့ပေမဲ့ UNHCR ဘက်က လုပ်ပိုင်ခွင့် မရှိဘူးဆိုပြီး ငြင်းဆိုထားတယ်လို့ ကိုစူရတ်ရဲ့ လုပ်ဖော်ကိုင်ဖက်က ဆိုပါတယ်။
တဖက်မှာလည်း မြန်မာ CI စင်တာ မူဝါဒတွေကို မေးခွန်းထုတ်ရဲခဲ့တဲ့ ခေါင်းဆောင်တယောက်ကို ဖြုတ်ချဖို့ ထိုင်းရှေးရိုးစွဲ အရာရှိတွေနဲ့ အမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ ထိုင်းသည်းမခံ အဖွဲ့ဝင်တွေ လက်တွဲလုပ်ဆောင်နေတာဟာ မတော်တဆ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားအရေး ထောက်ခံအားပေးသူများအဖွဲ့ (AHRLA) ရဲ့ ဒါရိုက်တာ ဖီးလ် ရော်ဘတ်ဆန်က ထောက်ပြ ပြောပါတယ်။
“ဗီရာ ဆန်သောင်ကို ဖမ်းဆီးလိုက်တာဟာ မြန်မာ CI စင်တာတွေနဲ့ ပတ်သက်ပြီး မအောင်မြင် ဖြစ်နေတဲ့ ထိုင်းအစိုးရရဲ့ မူဝါဒကို မေးခွန်းထုတ်ရဲခဲ့တဲ့ NGO ခေါင်းဆောင်တယောက်ကို ဖြုတ်ချဖို့ အချိတ်အဆက်ရှိရှိ စီစဉ်လုပ်ဆောင်နေပုံရတဲ့ ကြိုးပမ်းမှုရဲ့ နောက်ဆုံးခြေလှမ်းပဲ ဖြစ်ပါတယ်။ သူ့ကို တိုက်ခိုက်ခဲ့တဲ့ Thai Mai Thon အဖွဲ့ဝင်တွေဟာ ဥပဒေပြင်ပကနေ တရားစီရင်လိုက်တာပါ။ သူတို့ဟာ ရှေးရိုးစွဲ အရာရှိတွေနဲ့ လက်တွဲလုပ်ဆောင်နေကြတယ် ဆိုတာကတော့ သံသယဖြစ်စရာ မရှိသလောက်ပါပဲ။ ဒီလို ဖိနှိပ်ညှဉ်းပန်းမှုတွေဟာ မတော်တဆ တိုက်ဆိုင်မှု မဟုတ်ပါဘူး။”
ဒီလို ပစ်မှတ်ထား ဖိနှိပ်ခံနေရတာဟာ ထိုင်းစီးပွားရေး ကျဆင်းနေချိန်မှာ လက်ရှိအစိုးရအနေနဲ့ အပြစ်ပုံချစရာ ဓားစာခံရှာဖွေနေတာနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့လည်း ဖီးလ် ရော်ဘတ်ဆန်က ဆက်ပြောပါတယ်။
“ဒီဖိနှိပ်မှုက ဘာကို အချက်ပြနေသလဲဆိုတော့ ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူတွေ အနေနဲ့ အနုထင်း အစိုးရထဲက အစုအဖွဲ့တချို့မှာ အစွန်းရောက် အမျိုးသားရေးစိတ်ဓာတ်တွေ တဖြည်းဖြည်း ကြီးထွားလာနေတာကို သတိထားဖို့လိုနေပြီ ဆိုတာပါပဲ။ ထိုင်းစီးပွားရေးက ဆက်ပြီး ကျဆင်းနှေးကွေးနေတာနဲ့အမျှ လက်ရှိအစိုးရဟာ အပြစ်ပုံချစရာ ဓားစာခံတခုခုကို ရှာဖွေနေပုံရပြီး ရွှေ့ပြောင်းအလုပ်သမား ခေါင်းဆောင်တွေဟာ အလွယ်တကူ ပစ်မှတ်ထားစရာ ဖြစ်နေပါတယ်။”
လက်ရှိမှာတော့ ကိုစူရတ်ကို မြန်မာပြည် ပြန်ပို့ခံရရင် အသက်အန္တရာယ် ရှိနိုင်တာကြောင့် ထိုင်းနိုင်ငံရေးပါတီတချို့နဲ့ ချိတ်ဆက်ပြီး အမှုရင်ဆိုင်နိုင်ဖို့ အလုပ်သမားအရေး ကူညီသူတွေက ဆက်လက်ကြိုးပမ်းနေကြပါတယ်။
Bright Future အဖွဲ့ ဦးဆောင်သူ ကိုစူရတ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်က ဘန်ကောက်မြို့ UN ရုံးရှေ့မှာ မြန်မာစစ်အာဏာရှင်အစိုးရရဲ့ CI စင်တာတွေကနေတဆင့် အခွန်ငွေ ၂၅ ရာခိုင်နှုန်း ကောက်ခံနေတာကို ဦးဆောင်ကန့်ကွက် ဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲအတွင်း ထိုင်းအမျိုးသားရေး အစွန်းရောက်အဖွဲ့ဖြစ်တဲ့ Thai Mai Thon အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရလို့ ရဲစခန်းနဲ့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားထားခဲ့တာပါ။
အဲဒီနောက် ရက်ပိုင်းအတွင်းမှာပဲ ကန်ချနဘူရီခရိုင် မှတ်ပုံတင်ရုံးက သူ့ရဲ့ ထိုင်းမွေးစာရင်းကို ပယ်ဖျက်ခဲ့သလို အချက်အလက်အမှားပေးမှုဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။











