DVB Logo
Home
မြန်မာသတင်း
ထိုင်းမျိုးချစ်အဖွဲ့၏ ကန့်ကွက်မှုများကြောင့် ရွှေ့ပြောင်းပညာရေး စိန်ခေါ်မှု ကြုံတွေ့နေ
ဇွဲသစ်
·
May 31, 2026
ရွှေ့ပြောင်းမြန်မာကျောင်းသားကလေးငယ်များ။ (Photo: DVB)
ရွှေ့ပြောင်းမြန်မာကျောင်းသားကလေးငယ်များ။ (Photo: DVB)
Donate to DVB

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကလေးတွေရဲ့ အခမဲ့ပညာသင်ကြားခွင့်ကို ထိုင်းအမျိုးသားရေး လှုပ်ရှားသူအဖွဲ့တွေရဲ့ ကန့်ကွက်ဖိအားပေးမှုတွေကြောင့် ရွှေ့ပြောင်းပညာရေး အသိုက်အဝန်းနဲ့ ကျောင်းသားမိဘတွေကြား အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ 

ထိုင်းနိုင်ငံမှာ မျိုးချစ်အဖွဲ့လို့ လူသိများတဲ့ ထိုင်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူအဖွဲ့က ရွှေ့ပြောင်းကလေးငယ်တွေကို အခမဲ့ပညာသင်ကြားခွင့်ပေးထားတဲ့ Education For All မူဝါဒကို ကန့်ကွက်ကြောင်း လက်မှတ်ပေါင်း ၈၆,၀၀၀ ကျော်နဲ့ ထိုင်းပညာရေးဝန်ကြီးဌာနထံ ပြီးခဲ့တဲ့ မတ်လအတွင်း ကန့်ကွက်စာ တင်ခဲ့ပါတယ်။

အဆိုပါအဖွဲ့ရဲ့ တောင်းဆိုချက်အရ တရားဝင်အထောက်အထား မရှိတဲ့ ကလေးတွေကို ကျောင်းအပ်နှံခွင့်ပြုထားတဲ့ စည်းမျဉ်းကို ပြန်လည်ရုပ်သိမ်းပေးဖို့ ပါဝင်နေတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တွေတုန်းက ရွှေ့ပြောင်းပညာရေးကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း ဆရာ၊ ဆရာမတွေကို တိုင်ကြားတာတွေရှိခဲ့ပြီး အရေးယူဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။

ဒီလို ထိုင်းမျိုးချစ်အဖွဲ့တွေရဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ကန့်ကွက်မှုတွေဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက စတင်ရှိခဲ့တာလို့ ရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူ ဦးထူးချစ်က ထောက်ပြထားပါတယ်။

ပညာရေးနှင့်ဖွံ့ဖြိုးတက်ရေးဖောင်ဒေးရှင်း (FED)  အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်မှာဆိုရင် ပိုသိလာတာပေါ့။ ရွှေ့ပြောင်းကလေးတွေက ထိုင်းလူမျိုးတွေရဲ့ အခွန်ငွေတွေနဲ့ ပညာသင်ကြားနေတယ်ဆိုတဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေနဲ့ သူတို့ အစိုးရကို ဆန္ဒပြတာတွေရှိတော့ မြန်မာအလုပ်သမားတွေအနေနဲ့က တပူပေါ် နှစ်ပူဆင့် အခက်အခဲတွေ ကြုံနေရပါတယ်”လို့ ပြောပါတယ်။

အလုပ်လုပ်ကိုင်ဖို့ တားမြစ်ကန့်သတ်ချက်တွေများတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အခုလို ဖိအားတွေကြောင့် အခက်အခဲတွေ ပိုလာသလို၊ ရွှေ့ပြောင်းကလေးတွေရဲ့ မိဘတွေနဲ့ ရွှေ့ပြောင်းပညာရေးကဏ္ဍအတွက်ပါ စိန်ခေါ်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း မြေပြင်က မြန်မာဆရာ၊ ဆရာမတွေ ကြုံတွေ့နေရတဲ့ ဥပဒေကြောင်းအရ အကန့်အသတ်တွေကိုလည်း ဦးထူးချစ်က ဆက်လက်ရှင်းပြထားပါတယ်။

“ကျနော်တို့ ထိုင်းမှာ ပညာရေးလုပ်နေတဲ့ မြန်မာဆရာ၊ ဆရာမတွေအတွက် တကယ့်ကို အခက်အခဲ ရှိပါတယ်။ သူက ကျနော်တို့ အလုပ်သမားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့က တခုနဲ့တခုက ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့က အပြစ်ကျူးလွန်ထားသလို ဖြစ်နေတယ်။ ဥပမာ- ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင် ဆရာ၊ ဆရာမတွေ မလုပ်ခိုင်းဘူး။ တားမြစ်ထားတဲ့ထဲမှာ ပါတယ်။ လုပ်မယ်ဆိုရင် သူတို့ဆီက ဆရာ၊ ဆရာမ အလုပ်ခွင်လက်မှတ် အဲဒီခွင့်ပြုချက်က အင်မတန်မှ ကြာတယ်။ ထိုင်းလိုပဲ ပြောဆို ဖြေကြရတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကပဲ ဆရာမတွေ အလုပ်မတူဘူး ဆိုတဲ့ ဥပဒေနဲ့ အဖမ်းခံရပြီး မြန်မာပြည် ပြန်ပို့ခံရတာ ရှိတယ်။”

လက်ရှိမှာတော့ တချို့ထိုင်းအစိုးရကျောင်းတွေမှာ ကျောင်းသားဦးရေ ကန့်သတ်တာ၊ ထိုင်းမှာ မွေးစာရင်းမရှိသူတွေကို လက်မခံတာနဲ့ မိဘတွေရဲ့ အထောက်အထား အပြည့်အစုံ ရှိဖို့ လိုအပ်တာ စတဲ့ ကန့်သတ်ချက်တွေ ပိုမိုတိုးလာနေတယ်လို့ မဲဆောက်မြို့က ကျောင်းသားမိဘတယောက်က မြေပြင်အခြေအနေကို ပြောပြပါတယ်။

“လက်ရှိ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းတွေကြောင့် မဲဆောက်မှာ လာရောက် နေထိုင်ကြတဲ့ မြန်မာလူမျိုးတွေက တအားများလာတယ်။ ထိုင်းဘက်က ကြည့်ရင်လည်း ထိုင်းအစိုးရက သူတို့ သတ်မှတ်ထားတဲ့ စာသင်ခန်းတခန်းမှာ ရှိတဲ့ ဆရာမတယောက်မှာ ရှိရမဲ့ ကျောင်းသားဦးရေထက် သူတို့က ပိုပြီး လက်မခံနိုင်ဘူး။ ဒါပေမဲ့ ကျမတို့က ဒီမှာ တက်ချင်တဲ့သူတွေ များတယ်။ အဲဒီအခါမှာ သူတို့က ဘာစံချိန်စံညွှန်းနဲ့ ပြန်ကြည့်လဲဆိုရင် ဒီလာတက်မဲ့ ကလေးက သူတို့ ထိုင်းစာ ထိုင်းစကား ဘယ်လောက်ထိ နားလည်လဲ။ ပြောနိုင်လဲ။ အဖေ၊ အမေကရော စာရွက်စာတမ်း ပြည့်စုံလား။ ကလေးတွေကရော စာရွက်စာတမ်း ပြည့်စုံလား။ သူတို့က ပြန်စစ်တယ်။ အဲဒါတွေ ပြန်စစ်ပြီး အားလုံး စုံတော့မှ ပထမဦးစားပေးထဲ ပါသွားတာပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်ကတော့ Education for All အရ ဘာစာရွက်စာတမ်းမှ မရှိလည်း လွယ်လွယ်နဲ့ ကျောင်းအပ် လက်ခံခဲ့တယ်။”

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၅ သန်းကျော် ရှိနေပြီး၊ သူတို့ရဲ့ သားသမီးတွေဟာ ထိုင်းအစိုးရကျောင်းတွေနဲ့ Migrant Learning Center လို့ခေါ်တဲ့ ရွှေ့ပြောင်းစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) Thailand ရဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနဲ့ နိုင်ငံမဲ့ကလေးတွေကို ၁၅ နှစ် အခမဲ့ပညာသင်ကြားခွင့် ပေးထားပေမဲ့ မြေပြင်မှာ ကျောင်းပြင်ပရောက်နေတဲ့ ကလေးအများအပြား ရှိနေဆဲ ဖြစ်ပါတယ်။

အမျိုးသားရေးအဖွဲ့တွေရဲ့ ဖိအားပေးမှုတွေ ရှိနေပေမဲ့ ထိုင်းအစိုးရဘက်ကတော့  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်တဲ့ ပညာရေးဆိုင်ရာ စည်းမျဉ်းအသစ်အရ နိုင်ငံသားမဟုတ်သူ၊ အိမ်ထောင်စုစာရင်း မရှိသူနဲ့ အထောက်အထားမဲ့ ကလေးငယ်တွေကိုပါ ကျောင်းလက်ခံ သင်ကြားပေးဖို့ အတည်ပြုထားပါတယ်။

ဒါကြောင့် ပညာရေးအဖွဲ့အစည်းတွေကတော့ နိုင်ငံရေးဖိအားတွေကြားမှာ အထိခိုက်ဆုံး ဖြစ်နိုင်တာဟာ ကလေးတွေရဲ့ ပညာသင်ကြားခွင့်ဖြစ်ပြီး၊ Education for All မူဝါဒကို ဆက်လက်ထိန်းသိမ်းပေးဖို့ လိုအပ်တယ်လို့ တိုက်တွန်းနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013