
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း စစ်ဆေးပြီး အစိမ်းရောင် ကတ်ထုတ်ပေးနေတဲ့ CI (Certificate of Identity) စင်တာတွေကို ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ ထိုင်း အလုပ်သမားဝန်ကြီး နိုင်းကျူလာဖန်း အမွန်ဝိဝပ်က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ပြီး ထိုင်းအစိုးရက ယာယီနေထိုင်ခွင့် ပန်းရောင်ကတ်နဲ့ အလုပ် လုပ်ကိုင်စေတာမှာ သူတို့အနေနဲ့ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာ စိစစ်ပြီး မိခင်နိုင်ငံနဲ့ တရားဝင် ပြန် လည်ချိတ်ဆက်နိုင်ဖို့ မြန်မာစစ်အာဏာရှင်အစိုးရက ကိုယ်စားလှယ်လွှတ်ပြီး ထိုင်းနိုင်ငံမှာ CI စင် တာတွေ လာဖွင့်ကာ အစိမ်းရောင်စာအုပ်တွေ ထုတ်ပေးနေပါတယ်။
ဒါပေမဲ့ အဆိုပါ လုပ်ငန်းစဉ်မှာ ငွေကြေးပိုမိုကောက်ခံတာ၊ အစိုးရသတ်မှတ်တဲ့ ဘဏ်ကနေတဆင့် အိမ်ကို ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်း ပြန်ပို့ရမှာ၊ တချို့က စစ်သားစုဆောင်းမှု တိမ်းရှောင်လာတာ၊ တချို့က နိုင်ငံရေးနဲ့မကင်းဘဲ မိမိက မည်သူမည်ဝါဆိုတာ အစိုးရစာရင်းထဲ ရောက်သွားရင် မြန်မာပြည်မှာ ကျန်ခဲ့တဲ့မိသားစုတွေအတွက် လုံခြုံရေးအန္တရာယ်ဖြစ်မှာ စတဲ့ပြဿနာတွေကြောင့် အများစုက CI မလုပ်လိုတော့ဘဲ ပန်းရောင်ကတ်တမျိုးတည်းနဲ့သာ နေထိုင်ခွင့်ရဖို့ သန်းနဲ့ချီတဲ့ မြန်မာလုပ်သားတွေ က ထိုင်းအစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုထား တာပါ။
ထိုင်းအလုပ်သမားဝန်ကြီးဌာနကတော့ မိမိနိုင်ငံထဲ မှီတင်းနေထိုင်သူတွေအားလုံး ဘယ်သူက ဘယ်မှာနေသလဲ ဘာလုပ်နေသလဲဆိုတာ သိရဖို့အတွက် CI လိုအပ်တယ်၊ ထုတ်ပေးရေး စခန်းတွေက ထိုင်းနိုင်ငံမှာ ဆိုပေမဲ့ သူတို့ နိုင်ငံသား စိစစ်ရေး၊ အိမ်ထောင်စုစာရင်းနဲ့ ကိုယ်ရေးဆိုင်ရာ အချက်အလက်တွေကို သူတို့ရဲ့ မူရင်းနိုင်ငံကသာ အတည်ပြုထုတ်ပေးလို့ရမယ်၊ ထိုင်းနိုင်ငံ တဘက်တည်းကနေ အတည်ပြုပေးရင် လူစားထိုးတဲ့ ပြဿနာအပြင် လုံခြုံရေး ပေါ်ထိခိုက်နိုင်တာမို့ CI စင်တာတွေ ဆက်လက်ထားရှိဖို့ အရေးကြီးတယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီး နိုင်းကျူလာဖန်း အမွန်ဝိဝပ်က နိုဝင်ဘာ ၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဒါပေမဲ့ မိသားစုဝင်တွေဆီ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်ပို့ဖို့နဲ့ ငွေလွှဲစလစ်တွေ စစ်ဆေးမယ်ဆိုတဲ့ အချက်ကတော့ လူ့အခွင့်အရေးနဲ့ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ထိုင်းအစိုးရက ရှုမြင်တယ်။ ဒါကြောင့် သံတမန်ရေးရာ လမ်းကြောင်းကနေတဆင့် မြန်မာသံရုံးနဲ့ အလုပ်သမားဝန်ကြီးဌာနထံ တရားဝင်ကန့်ကွက်စာ ပေးပို့သွားမယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၆ ရက် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးမှာ အလုပ်လုပ်ခွင့် သက်တမ်းကုန် MOU အလုပ်သမားတွေ သက်တမ်းတိုးဖိုးကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်၊ သာမန်အားဖြင့် သူတို့ဟာ ထိုင်းမှာ ၂ နှစ်ဆက်တိုက် အလုပ်လုပ်ပြီးက မိခင်နိုင်ငံကို ပြန်ပြီးသက်တမ်းတိုးရမှာ ဖြစ်တယ်။ အချိန်ကာလ ရက်ပေါင်း ၆၀ ကြာမြင့်တယ်၊ ဒီအခါ လုပ်ငန်းခွင်မှာ အလုပ်ရှင်တွေအတွက် အခက်အခဲဖြစ်တယ်၊ ဒါကြောင့် ပြည်တွင်းထိ ပြန်ဝင်စရာမလိုဘဲ နယ်စပ်မှာတင် တံဆိပ်တုံး သွားထုပြီး ပြန်ဝင်လာဖို့ ဆွေးနွေးသဘောတူခဲ့တယ်လို့ ဆိုပါတယ်။
လာမဲ့ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် နဲ့ မတ်လ ၃၁ ရက်မှာ အလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ၂၀၂၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ထိ သက်တမ်းတိုးပေးသွားမှာ ဖြစ်တယ်။ နောက်ထပ် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၈ ဒသမ ၂ သိန်းကျော်ကိုလည်း ၁ နှစ် သက်တမ်းရှိ ယာယီနေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ပြုပြီး တရားဝင်စနစ်ထဲ ဝင်ရောက်လာဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန အဆိုပြုချက်အရ နယ်စပ်စစ်ပြေးရှောင် ဒုက္ခသည်စခန်းက လူတွေ စခန်းပြင်ပမှာ အလုပ်သွားလုပ်နိုင်ဖို့ လမ်းညွှန်ချက်တွေ ပြင်ဆင်နေတယ်၊ စခန်းတည်ရှိရာ ခရိုင်အတွင်းမှာ အလုပ်သမားမှတ်ပုံတင်ကတ် လျှောက်ထားစရာမလိုဘဲ အလုပ်လုပ်ခွင့်ပြုဖို့၊ အလုပ် လုပ်ခွင့် သက်တမ်း ၁ နှစ်ကနေ ၂ နှစ်ထိ တိုးပေးဖို့ အလုပ်ရှင်ပြောင်းလဲခွင့်နဲ့ အလုပ်လုပ်ပိုင်ခွင့် ဧရိယာတိုးချဲ့ရေးတွေ ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။
အလုပ်ရှင်တွေရဲ့ အလုပ်သမားပြတ်လပ်မှုပြဿနာ ဖြေရှင်းပေးရေးအတွက် နောက်ထပ် အလုပ် သမား အုပ်စုသစ်နဲ့ အစားထိုးပေးဖို့လည်း ရှိတယ်၊ အဲဒါကတော့ သီရိလင်္ကာနိုင်ငံက အလုပ်သမားတွေ တင်သွင်းရေးတို့ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးက ပြောသွားပါတယ်။
Source: Nation Online / Ratsadon News











