
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် မြန်မာစစ်အာဏာရှင်အစိုးရက ၂၅ ရာခိုင်နှုန်း လွှဲငွေဖြတ်တောက်တာနဲ့ CI စခန်းကတဆင့် ဖိအားပေးနေတာတွေကို ကန့်ကွက်တောင်းဆိုပေးနေတဲ့ ကိုစူရတ်ဟာ သူ့ရဲ့မွေးစာရင်းကို ပယ်ဖျက်ခံရပြီး တရားစွဲဆို ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။
ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာစစ်အာဏာရှင်ရဲ့ CI စခန်းတွေ ဖျက်သိမ်းပေးဖို့နဲ့ လုပ်သားတွေအပေါ် ငွေညှစ်နေတဲ့ ၂၅ ရာခိုင်နှုန်း လွှဲငွေမူဝါဒကို ဆန့်ကျင်ဆန္ဒပြရာမှာ ထိုင်းမျိုးချစ်အစွန်းရောက်အဖွဲ့တစုရဲ့ ရိုက်နှက်တိုက်ခိုက်တာကိုခံခဲ့ရတဲ့ Bright Future အဖွဲ့ခေါင်းဆောင် ကိုစူရတ်ဟာ အခုအခါမှာတော့ ဒေသန္တရအာဏာပိုင်တွေရဲ့ ဥပဒေကြောင်းအရ အရေးယူဖိအားပေးမှုကို ရင်ဆိုင်နေရတာပါ။
ကန်ချနဘူရီခရိုင်၊ ဆိုင်ယို့ခ်မြို့နယ် မှတ်ပုံတင်ရုံးက ကိုစူရတ်ရဲ့ ထိုင်းမွေးစာရင်းကို ရုတ်တရက် ပယ်ဖျက်လိုက်သလို၊ အစိုးရအရာရှိတွေကို သတင်းအချက်အလက်အမှား ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းတရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်လိုက်တဲ့အကြောင်း နိုဝင်ဘာ ၉ ရက်မှာ ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ အဆိုပါအမှုအတွက် သက်တမ်း ၁၀ နှစ်ရှိ ဖမ်းဝရမ်းနဲ့ ကိုစူရတ်ကို ဖမ်းဆီးထိန်းသိမ်းဖို့ ကန်ချနဘူရီရဲစခန်းထံ တရားရုံးက လုပ်ပိုင်ခွင့်လွှဲအပ်ထားကြောင်း သိရပါတယ်။ ကိုစူရတ်ကတော့ လက်ရှိစွပ်စွဲချက်တွေအပေါ် တရားဥပဒေလမ်းကြောင်းအတိုင်းသာ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။
“အခုအချိန်မှာ လုပ်စရာရှိတာတွေ လုပ်နေပြီ။ ဥပဒေလမ်းကြောင်းအတိုင်း သွားရမှာဆိုတော့ အေးဆေးပါပဲ။ ဒီဟာတွေကို ဆက်ပြီးလုပ်သွားမယ်။ ဥပဒေဘောင်ထဲကနေ ဆက်ပြီးမှ ကြိုးစားသွားမှာပေါ့။”
အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ ဒီလို မြန်မာလုပ်သားထုကြီးတရပ်လုံးရဲ့ အခွင့်အရေးအတွက် မြန်မာစစ်အာဏာရှင်ရဲ့ ငွေညှစ်မှုကို ထိပ်တိုက်ရင်ဆိုင် ကန့်ကွက်နေချိန်မှာ အခုလို ကာလကြာရှည်ရှိနှင့်ပြီးသား မွေးစာရင်းအထောက်အထားကို အကြောင်းပြကာ ဥပဒေကြောင်းအရ ပစ်မှတ်ထား အရေးယူလာတာဟာ မြန်မာလုပ်သားတွေဘက်က အသံထွက် ကာကွယ်ပေးနေသူတွေကို နှုတ်ပိတ်ဖို့ ဖိအားပေးလာတဲ့သဘောဖြစ်တယ်လို့ စိုးရိမ်မကင်း သုံးသပ်နေကြပါတယ်။
ကိုစူရတ်ရဲ့ အခြေအနေဟာ စစ်အုပ်စုလက်ထဲ ရောက်ရှိသွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားတာကြောင့် ထိုင်းရှေ့နေများကောင်စီနဲ့ လူ့အခွင့်အရေးကော်မရှင်တွေဘက်က အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“ငယ်ငယ် မွေးစာရင်းမဟုတ်ဘဲနဲ့ ကြီးတော့မှ ဒီလက်မှတ်ကို ဝယ်ယူတယ် ဘာညာသာရကာဆိုတဲ့ အကြောင်းပြချက်တွေကို အသာထား။ အခုလို CI စနစ် ဖျက်သိမ်းရေး၊ အဓမ္မကောက်ခံတဲ့၊ တဖက်သတ် အပေါ်စီးဆန်ဆန် ကောက်ခံတဲ့ဟာကို သူ ဦးဆောင်ပြီးတော့ ဆန္ဒပြမှုမှာ သူ အကြမ်းဖက်လည်း ခံရပြီးသွားပြီ။ အဲဒါကိုမှ ထပ်ပြီးတော့ မကျေနပ်ဘဲနဲ့ သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းပြီးတော့ တဘဝလုံးကို ချောက်ထဲတွန်းချချင်တဲ့ ပုံစံမျိုး၊ တဘဝလုံးကို မြေလှန်ပြီးတော့ ဖျောက်ဖျက်ချင်တဲ့ ပုံစံမျိုး လုပ်တယ်ဆိုတာ ဒါ သမရိုးကျ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ စူရတ်ဂီရီကို မြန်မာစစ်အစိုးရရဲ့ လက်ထဲထိ ရောက်ပြီးတော့ ဘဝတခုလုံး စုတ်ပြတ်သတ်ပြီးတော့ စိုးရိမ်ကြောင့်ကြစရာ အခြေအနေမျိုးကို တွန်းပို့တာမျိုး ဖန်တီးတာမျိုးကို ကျနော်တို့ လုံးဝ လက်မခံပါဘူး။ ထိုင်းရှေ့နေများကောင်စီ အပါအဝင် ထိုင်းလူ့အခွင့်အရေးကော်မရှင်တွေက စူရတ်ဂီရီကို ဘက်ပေါင်းစုံကနေ ကာကွယ်စောင့်ရှောက်ဖို့အတွက် တောင်းဆိုချင်ပါတယ်။”
ကိုစူရတ်တို့လို လှုပ်ရှားသူတွေ ကန့်ကွက်နေရတဲ့ အဓိကအကြောင်းအရင်းကတော့ မြန်မာစစ်အာဏာရှင်ရဲ့ ၂၅ ရာခိုင်နှုန်း လွှဲငွေဖြတ်တောက်မှု မူဝါဒကြောင့် ဖြစ်ပါတယ်။
မြန်မာလုပ်သားတွေအနေနဲ့ သက်တမ်းကုန်တော့မဲ့ အလုပ်လုပ်ခွင့်ပါမစ်ကို သက်တမ်းတိုးဖို့အတွက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ရယူရာမှာ လွန်ခဲ့တဲ့ ၃ လကနေ ၆ လအတွင်း လုပ်ခလစာပြေစာတွေနဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း တရားဝင်လမ်းကြောင်းက လွှဲပြောင်းထားတဲ့ ပြေစာပြသရမယ်ဆိုတဲ့ စစ်အာဏာရှင်ရဲ့ သတ်မှတ်ချက်ဟာ နိုင်ငံတကာစံနှုန်းတွေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ပုဂ္ဂလိကအခွင့်အရေးတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ထိုင်းအစိုးရဘက်ကပါ လက်ခံထားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် မြန်မာစစ်အာဏာရှင်အစိုးရထံ တရားဝင်ကန့်ကွက်စာ ပေးပို့သွားဖို့ ပြင်ဆင်နေပါတယ်။
ဒါပေမဲ့ မြန်မာလုပ်သားတွေ မြန်မာစစ်အာဏာရှင်ရဲ့ ငွေညှစ်ဖိအားကနေ အမှန်တကယ် လွတ်မြောက်နိုင်ဖို့အတွက် ကိုစူရတ် အပါအဝင် အလုပ်သမားအရေး လှုပ်ရှားသူတွေ တောင်းဆိုခဲ့တဲ့ "CI စနစ် ဖျက်သိမ်းပြီး ထိုင်းနိုင်ငံရဲ့ ပန်းရောင်ကတ်တွေနဲ့ အစားထိုးပေးရေး" ကိုတော့ ထိုင်းအစိုးရဘက်က လက်မခံဘဲ ပယ်ချထားဆဲ ဖြစ်ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနကတော့ မူရင်းနိုင်ငံရဲ့ အိမ်ထောင်စုဇယားနဲ့ Biometrics ခေါ် ဇီဝအချက်အလက် စစ်ဆေးမှုမပါဘဲ တဖက်သတ် အတည်ပြုပေးပါက နိုင်ငံသားအချက်အလက် မသမာမှုတွေ ဖြစ်လာနိုင်ပြီး အမျိုးသားလုံခြုံရေးအရ စိစစ်ရခက်ခဲသွားနိုင်တာကြောင့် CI စခန်းတွေကို ဆက်လက်ထားရှိသွားမယ်လို့ ပြောကြားထားပါတယ်။











