DVB Logo
Home
မြန်မာသတင်း
အဓမ္မအခွန်ကောက်ခံမှုကြောင့် ထိုင်းက CI စခန်းများတွင် ကတ်လုပ်သူ နည်းပါး  
DVB
·
November 6, 2026
Photo : DVB
Photo : DVB
Donate to DVB

ထိုင်းရောက် မြန်မာအလုပ်သမားတွေ CI စာအုပ်မလိုဘဲ နေထိုင်အလုပ်လုပ်ခွင့်ရဖို့ တောင်းဆိုနေချိန်မှာ မြန်မာစစ်အာဏာရှင်အစိုးရက ကောက်ခံနေတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ မိသားစုဆီ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း အထောက်အထား ပြသရတာကြောင့် CI စာအုပ် ပြုလုပ်သူ နည်းပါးနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ် (CI) ပြုလုပ်သူအရေအတွက်က ပြီးခဲ့တဲ့နှစ်တွေကထက် သိသိသာသာ လျော့နည်းသွားတယ်လို့ စီအိုင်စခန်းတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်ကစပြီး ထိုင်းနိုင်ငံ စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီတို့မှာ CI ထုတ်ပေးရေးစခန်း ၅ ခု ဖွင့်လှစ်ခဲ့တာပါ။ စခန်းတွေ ဖွင့်လှစ်ပြီးနောက် အချိန် ၂ ပတ်ကျော်ကြာတဲ့အထိ လာရောက် လုပ်ကိုင်သူ အလုပ်သမား ထောင်ဂဏန်းပဲ ရှိခဲ့ပါတယ်။

စာအုပ် ပြုလုပ်သူ နည်းပါးသွားတာကတော့ CI စာအုပ် ပြုလုပ်ခ ဘတ် ၂,၆၆၀ အပြင် မြန်မာ စစ်အာဏာရှင်က အတင်းအဓမ္မ ကောက်ခံတဲ့ အလုပ်သမားတွေရဲ့ လုပ်အားခ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း အထောက်အထားစတဲ့ များပြားတဲ့ ကုန်ကျစရိတ်တွေကြောင့် ပြုလုပ်သူ နည်းပါးသွားတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနဲ့ မိမိဝင်ငွေရဲ့ ၂ ရာခိုင်နှုန်း အခွန်ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့်တော့ မိသားစုထံ လွှဲပြောင်းငွေ ၂၅ ရာခိုင်နှုန်း ဘတ် ၆၀၀၀ ကိစ္စကို CI လုပ်မဲ့ ရွှေ့ပြောင်းလုပ်သားတွေက မပေးချင်ကြဘူး။ ဒီငွေဟာ သွေးစွန်းငွေ ဖြစ်နေတယ်။ ကိုယ့်မိသားစုတွေ၊ ကိုယ့်တိုင်းရင်းသားတွေကို ပြန်ပြီးတော့ တိုက်ခိုက်မဲ့ သွေးစွန်းငွေတွေ ဖြစ်နေတဲ့အတွက် မပေးချင်ကြတာပဲ။ အဓိကကတော့ ကိုယ့်ဝင်ငွေထဲက အလုပ်ကလည်း ကောင်းတာ မဟုတ်ဘူး အများစုက ထိုင်းနိုင်ငံမှာ။ အလုပ်ကလည်း မကောင်း၊ အလုပ်မကောင်းတော့ ဝင်ငွေမကောင်းဘူး။ အဲ့ကြားထဲမှာ ဘာမှ ကာကွယ်စောင့်ရှောက်မှု မရှိဘဲနဲ့ အခွန်အခကို အတင်းအဓမ္မ အပေါ်စီးဆန်ဆန်နဲ့ ကောက်တာမျိုးကို ဘယ်သူမှ အနိုင်ကျင့် မခံချင်ကြတဲ့အတွက် အခုလို CI စခန်းတွေမှာ CI လုပ်သူ နည်းပါးနေတာ ဖြစ်ပါတယ်။ ကျီးနှင့်ဖုတ်ဖုတ် ဖြစ်နေပါတယ်။ သုဿန် တစပြင်လို ဖြစ်နေပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရောက် သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ CI စာအုပ်မလိုဘဲ ပန်းရောင်ကတ်နဲ့ Work Permit ကို အသုံးပြုပြီး တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရဖို့ အောက်တိုဘာ ၁၈ ရက်ကစပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT) က ဦးဆောင်ပြုလုပ်တဲ့ အွန်လိုင်းလှုပ်ရှားမှုမှာ အလုပ်သမား ၁ ဒသမ ၃ သန်းကျော် ပါဝင် တောင်းဆိုနေကြတာပါ။ 

အဲဒီ ကမ်ပိန်းက တဆင့် CI စနစ် ဖျက်သိမ်းဖို့ အပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထုတ်ပေးတဲ့ အထောက်အထားရဖို့ကိုလည်း အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။

CI စာအုပ် ပြုလုပ်ခ တရားဝင်ဈေးနှုန်းက ဘတ် ၂,၆၆၀ ဖြစ်ပေမဲ့ ပွဲစားခအပါအဝင် လက်တွေ့ ကုန်ကျစရိတ်က ဘတ် ၅,၀၀၀ ကျော်ကနေ ဘတ် ၁ သောင်းထက်မနည်း ရှိနေတာပါ။ 

ဒါ့အပြင် အခွန်အခနဲ့ မိသားစုထံ လွှဲငွေ အထောက်အထား ပြသရတဲ့ စရိတ်တွေပါ ပါမယ်ဆိုရင် ဘတ် ၁၅,၀၀၀ အထက်မှာ ရှိနေပါတယ်။

MHAC မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက “လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ ထိုင်းနိုင်ငံကို ထွက်ပြေး ခိုလှုံလာတဲ့ လူတွေဟာ လက်ရှိ ပန်းရောင်ဘတ် work permit နဲ့ တွဲဖက်ပြီးတော့ ယာယီနေထိုင်လုပ်ကိုင်ခွင့် ရချင်တာ ဖြစ်ပါတယ်။ CI စာအုပ် မပြုလုပ်ချင်တာကတော့ လက်ရှိ အကြမ်းဖက်စစ်အုပ်စုက အခွန်အခတွေနဲ့ အတင်းအဓမ္မ ကောက်ခံနေတဲ့အတွက် ပေးစရာလည်း မရှိဘူး၊ ပေးဖို့လည်း ခက်ခဲကြတယ်။ ပြီးတော့ ဒီ အခွန်အခတွေရော၊ အိမ်ပြန်ပို့ငွေတွေရော အဲလို အခြေအနေမျိုးတွေကြောင့် ထိုင်းရောက် လုပ်သားတွေဟာ၊ ပြီးတော့ CI စင်တာမှာ ပွဲစားတွေ အမြတ်ကြီးစား ကုပ်သွေးစုပ် ငွေကြေးတွေ ပိုပေးရတယ်ဆိုတဲ့ အခြေအနေမျိုးတွေကြောင့် ဒီ CI စာအုပ်ကို မလုပ်ဖို့ လိုလားကြတာပေါ့နော်။ နောက်တဖက်က ကြည့်ရင်လည်း ဒီအခွန်အခတွေနဲ့ အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်တွင်းက ပြည်သူတွေကို ပြန်ပြီးတော့ သတ်ဖြတ်တယ်။ သွေးစွန်းငွေတွေ ဖြစ်တယ်။ အဲ့ဒါကြောင့် ဒီ သွေးစွန်းငွေတွေကို ထိုင်းရောက်လုပ်သားတွေက သူတို့ရဲ့ ချွေးနည်းစာတွေထဲကနေ မပေးချင်ဘဲနဲ့ လက်ရှိ ပန်းရောင်ဘတ်နဲ့ နေထိုင်ခွင့် ရဖို့အတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထုတ်ပေးတဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စနစ်ကို ဖျက်သိမ်းဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ နိုဝင်ဘာ ၅ ရက်အထိ ထိုင်းရောက် မြန်မာ ၁ ဒသမ ၃ သန်းကျော်က လက်မှတ်ရေးထိုးထားပါတယ်။

ဒါ့အပြင် အဲဒီ CI စနစ် ဖျက်သိမ်းဖို့ကိစ္စကို ထိုင်းရောက် မြန်မာတွေ အဲဒီလို တောင်းဆိုနေချိန်မှာပဲ ထိုင်းလွှတ်တော်အမတ် ၅ ယောက်ကလည်း CI စခန်းတွေကို ထိုင်းအစိုးရအနေနဲ့ ချက်ချင်း ပြန်လည်သုံးသပ် ဖျက်သိမ်းဖို့ အပါအဝင် အချက် ၅ ချက်ကို တောင်းဆိုထားပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013