
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ “Bright Future” အဖွဲ့ခေါင်းဆောင် ကိုစူရတ်ဟာ ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင် အထူးသတင်းရဲတပ်ဖွဲ့ထံ နိုဝင်ဘာ ၁၃ ရက်က လာရောက်အဖမ်းခံခဲ့တယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
သူဟာ ထိုင်းနိုင်ငံမှာ မွေးဖွားသူအဖြစ် အထောက်အထားတုလုပ်ပြီး နိုင်ငံသားခံယူဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကတည်းက တရားရုံးက ဖမ်းဝရမ်းထုတ်ထားတာပါ။ ဖမ်းဆီးခံရပြီးနောက် သူ့ကို ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။
ဝီရဆန်ထောင်ခေါ် ကိုစူရတ်ဟာ CI စင်တာကနေ နိုင်ငံသားစိစစ်တာနဲ့ အခွန်ငွေလွှဲပြောင်းဖို့ ဖိအားပေးတာတွေကို ကန့်ကွက်ခဲ့သူဖြစ်ပြီး နိုဝင်ဘာ ၁ ရက်မှာ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံး ရှေ့မှာ အဲဒီကိစ္စကို ဆန္ဒပြခဲ့တာပါ။
သူဆန္ဒပြချိန်မှာ ထိုင်းအမျိုးသားရေး အစွန်းရောက်တွေက တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၉ ရက်နေ့မှာ ကန်ကျနဘူရီ တရားရုံးက အထောက်အထားအတု ပြုလုပ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။











