DVB Logo
Home
မြန်မာသတင်း
ထားဝယ်၌ မီးအိမ်-ရပ်ရွာလူထုအခြေပြုပညာရေးအဖွဲ့က ကျောင်းသားထောင်ချီကို ပညာသင်ပေး
DVB
·
July 9, 2026
Photo: မီးအိမ်-ရပ်ရွာလူထုအခြေပြုပညာရေးအဖွဲ့
Photo: မီးအိမ်-ရပ်ရွာလူထုအခြေပြုပညာရေးအဖွဲ့
Donate to DVB

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးတွေအတွက် ပညာသင်ကြားဖို့ ခက်ခဲနေတဲ့ တနင်္သာရီတိုင်း၊  ထားဝယ်ခရိုင်မှာ မီးအိမ်-ရပ်ရွာလူထုအခြေပြု ပညာရေးအဖွဲ့က ကျောင်းသားကျောင်းသူ အယောက် ၁,၀၀၀‌ ကျော်ကို ပညာသင်ကြားပေးနေပါတယ်။

ထားဝယ်ခရိုင်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အာဏာရှင်တပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် စစ်အာဏာရှင်တပ် ထိန်းချုပ်ထားတဲ့ မြို့‌ပေါ်က ကျောင်းတွေကလွဲလို့ ကျေးလက်ဒေသက စာသင်ကျောင်းအများစုက မဖွင့်လှစ်နိုင်ကြပါဘူး။

နယ်မြေမတည်ငြိမ်တဲ့ကြားက ထမင်းနပ်မှန်အောင် ရုန်းကန်နေရတဲ့ ကျောင်းသားမိဘတွေကလည်း ကလေးတွေကို မြို့ပေါ်က စာသင်ကျောင်းတွေအထိ ကျောင်းမပို့နိုင်ကြပါဘူး။

ဒါကြောင့် ထားဝယ်ခရိုင်အတွင်း လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြို့နယ်အပိုင် ကျေးရွာတွေက ကလေးငယ်တွေဟာ စစ်အာဏာသိမ်းပြီးစ ကာလတွေမှာ ပညာရေးနဲ့ အလှမ်းဝေးခဲ့ကြရပါတယ်။

လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးမှု အားကောင်းနေတဲ့ ကျေးရွာတွေမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ပေမဲ့ စစ်အာဏာရှင်တပ်ရော တော်လှန်ရေးတပ်တွေပါ အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာတော့ စာသင်ကျောင်းတွေ အချိန်ပြည့် မဖွင့်လှစ်နိုင်သေးပါဘူး။

အဲဒီလို စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်တဲ့ ဒေသတွေမှာ ပညာရေးအလှမ်းဝေးနေတဲ့ ကလေးတွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် ဒေသတွင်းက CDM ဆရာ၊ ဆရာမတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ၂၀၂၅ ခုနှစ် ကျောင်းဖွင့်ရာသီမှာ မီးအိမ်-ရပ်ရွာလူထုအခြေပြုပညာရေး ဆိုတဲ့ အဖွဲ့တခုကို တည်ထောင်ခဲ့ပါတယ်။

မီးအိမ်အဖွဲ့ ပြန်ကြားရေးတာဝန်ခံက “နယ်ဘက်မှာဆိုရင် စာသင်ကျောင်းတွေ တော်တော်များများကို ပိတ်ထားရတယ်။ ကလေးတွေက ကျောင်းမတက်ရဘူး။ ကလေးတွေ ကျောင်းမတတ်နိုင်ဘူးဆိုတာ ၁ နှစ် ၂ နှစ်လောက်က ပြဿနာမရှိသေးဘူး။ အခုက ၅ နှစ်လည်း ကျော်လာပြီဆိုတော့ ကျနော်တို့ ဒီကလေးတွေအတွက် တခုခုတော့ လုပ်မှရတော့မယ်။ ကျောင်းတွေတော့ ဆက်ပိတ်ထားလို့ မဖြစ်တော့ဘူး။ ထားဝယ်ခရိုင်ထဲက လူငယ်တွေ ဆရာ၊ ဆရာမတွေ ပူးပေါင်းပြီးတော့ အခုလိုမျိုး စတင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” လို့ ပြောပါတယ်။

မီးအိမ်-ရပ်ရွာလူထုအခြေပြု ပညာရေးအဖွဲ့က ထားဝယ်ခရိုင်အတွင်းက စာသင်ကျောင်း မဖွင့်နိုင်တဲ့ ဒေသတွေမှာ စာသင်ကျောင်း ၁၀ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူ အယောက် ၁,၀၀၀ ကျော်ကို စာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

မီးအိမ်ကဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသင်ခန်းစာတွေအပြင် သဘာဝပတ်ဝန်းကျင်၊ အနုပညာ၊ ဂီတ၊ အားကစားနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကိုလည်း သင်ကြားပေးနေတယ်လို့ အဖွဲ့တည်ထောင်သူတွေက ပြောကြပါတယ်။

အခုလို မီးအိမ်အဖွဲ့က စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်တဲ့အတွက် ကလေးတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လွတ်လပ်စွာ ပညာသင်ကြားနိုင်တဲ့ ရပ်ဝန်းတခု ဖန်တီးပေးနိုင်တယ်လို့ မီးအိမ်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးအိမ်အဖွဲ့ ပြန်ကြားရေးတာဝန်ခံက “အခုလို ပညာရေးနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ပညာရေးလုပ်ငန်းတွေ ဖော်ဆောင်နေတဲ့အခါကျတော့ လွတ်လွတ်လပ်လပ် ကလေးတွေ ကျောင်းတက်ခွင့်ရတယ်။ ကလေးတွေအတွက် ကျောင်းတက်ခွင့်ရဖို့ဆိုတာ တော်တော်မှလည်း အရေးကြီးတဲ့ လိုအပ်ချက်တခုပဲလေ။ သူတို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်တခုဖြစ်တဲ့ ကျောင်းတက်ခွင့် ပညာသင်ကြားခွင့် အခွင့်အရေးကို ဖန်တီးပေးနိုင်တာပေါ့” လို့ ပြောပါတယ်။

အခုလို မြို့ပေါ်ကျောင်းတွေမှာ ကျောင်းမတက်နိုင်တဲ့ ကလေးတွေက မီးအိမ်-ရပ်ရွာလူထုအခြေပြု ပညာရေးအဖွဲ့က ဖွင့်လှစ်တဲ့ကျောင်းတွေကို အမှီပြုပြီး စာသင်ကြားနေရတယ်လို့ ထားဝယ်မြို့ခံတယောက်က ပြောပြပါတယ်။

“ထားဝယ်မြို့ပေါ်မှာနေရင် စီးပွားရေးက အကုန်ထားခဲ့ရမှာ ဆိုတော့လေ သူတို့မှာ ကလေးတွေကိုလည်း ကျောင်းထားချင်၊ သူတို့စီးပွားရေးကလည်း နယ်ဘက်မှာပဲ ရှိတယ်၊ ထားဝယ်မြို့ပေါ်မှာထားရင် အစကနေ ပြန်စရာမှာပေါ့လေ။ အဲလိုမျိုး အခက်အခဲတွေရှိတယ်။ တချို့ကလည်း ထားဝယ်မြို့ပေါ်မှာ ကျောင်းထားချင်တယ်၊ ငွေကြေးက မတတ်နိုင်ဘူးဆိုတော့လေ။ ကလေးတွေ ပညာရေး မပြတ်တောက်ဖို့အတွက်ဆိုရင် ညီကြားတာက မီးအိမ် ရပ်ရွာအခြေပြု ပညာရေးကနေပြီး လုံးဝ ပညာရေးနဲ့ အလှမ်း‌ဝေးတဲ့ နေရာတွေကို ကျောင်းဖွင့်ပေးတာတို့ ကူညီပံ့ပိုးပေးတာတို့ အဲလိုမျိုးတွေ ရှိတယ်ပေါ့နော်။”

မီးအိမ်-ရပ်ရွာလူထုအခြေပြု ပညာရေးအဖွဲ့က ထားဝယ်ခရိုင်အတွင်းက ကျေးရွာတွေမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ပေမဲ့ ငွေကြေးလိုအပ်ချက်တွေ ရှိနေလို့ တချို့ကျောင်းတွေမှာတော့ ငွေကြေးအနည်းငယ် ကောက်ခံနေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့လည်း ကလေးတွေကို အလုံးစုံ အခမဲ့ပညာရေးစနစ်တခု ဖန်တီးပေးနိုင်အောင်တော့ မီးအိမ်အဖွဲ့သားတွေက သူတို့ တတ်အားသရွေ့ ကြိုးစားနေကြပါတယ်။

မီးအိမ်အဖွဲ့ ပြန်ကြားရေးတာဝန်ခံက “အခုလို စာသင်ကျောင်းတွေ ဖွင့်လှစ်တဲ့အခါကျ‌တော့ လိုအပ်ချက်တွေ အခက်အခဲတွေ အများကြီးရှိတယ်။ ကျောင်းအများစုက အခမဲ့ဖြစ်တယ်။ တချို့ကျောင်းတွေကတော့ လုံးလုံးကြီး အခမဲ့ မသွားနိုင်တဲ့ အနေအထားတွေ ရှိတယ်။ ကျောင်းသားတွေအတွက် လိုအပ်တဲ့ စာရေးကိရိယာ၊ စာအုပ်စာတမ်း၊ ဆရာမတို့ပေးတဲ့ လစာတွေကအစ ကျနော်တို့ အခမဲ့ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းနေအရွယ် ကလေး ၆ ဒသမ ၃ သန်းကျော် ရှိတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) က ဇွန် ၂၃ ရက်မှာ ထုတ်ပြန်တဲ့  စစ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013