
စစ်ရေးပြင်းထန်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အယ်လ်နီညိုကာလ ရာသီဥတုအခြေအနေ မတည်ငြိမ်တာကြောင့် အပူချိန်ပြင်းထန်ပြီး ဖျားနာမှုတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်မှာ အပူချိန် အမြင့်ဆုံးစံချိန်ဟောင်း ၃၇ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ကနေ အပူချိန် အမြင့်ဆုံးစံချိန်သစ် ၃၈ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လာတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံမှန်ဆို နိုဝင်ဘာလဟာ ဆောင်းရာသီ ဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် ရာသီဥတုက အေးရမှာဖြစ်ပေမဲ့ ဒီနှစ် နိုဝင်ဘာမှာတော့ နွေရာသီထက် ပိုပြီးပူနေတာကို ခံစားရတယ်လို့ ဆိုပါတယ်။
နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာတော့ အခုရက်ပိုင်း အပူချိန်မြင့်တဲ့ နေ့လယ်ခင်းတွေမှာ မိုးအနည်းငယ်ရွာတာကြောင့် မိုးတိတ်သွားတဲ့အချိန်မှာ အရင်ထက်ပိုပြီး ပူတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေရပ်စွန့်ခွာ စစ်ဘေးရှောင်တွေဟာ မိုးကာစတွေ၊ ထန်းလက်မိုးထားတဲ့ ယာယီတဲတွေမှာ နေထိုင်ရတာ ဖြစ်တဲ့အတွက် ကိုယ့်နေအိမ် ကိုယ်နေထိုင်ကြသူတွေထက် အပူဒဏ်ကို ပိုပြီးခံစားရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်တွေမှာ ဖျားနာတာတွေ ကြုံနေရတယ်လို့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက စစ်ဘေးရှောင် အကူအညီပေးနေသူတယောက်က ပြောပါတယ်။
“သနားစရာပါ၊ တချို့စစ်ရှောင်တွေက မိုးကာမိုး မိုးကာကာဆိုတော့ အထဲထဲမှာနေရတာ စဉ်းစားကြည့်တော့ ပြုတ်ထားသလိုပဲ။ လှောင်ထားသလိုကြီး ဖြစ်နေတယ်။ ရာသီအကူးအပြောင်းမှာ မိုးရာသီကနေ ဆောင်းရာသီကိုဝင် အယ်လ်နီညိုနဲ့ တွေ့တဲ့အခါမှာ တုတ်ကွေးဖျားလို ပုံစံတွေ မိသားစုလိုက်ကို ဖြစ်တယ်။ တအိမ်တယောက် ဖျားပြီဆိုရင် အဲဒီမိသားစုတစုလုံး ဖျားကြတယ်၊ နှာစေးကြတယ် ဆိုတာတွေတော့ တွေ့ရတယ်။”
စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင်တွေဟာ လယ်ကွင်းတွေမှာ စစ်ရှောင်တဲတွေထိုးပြီး စုပေါင်း နေထိုင်နေကြရတာ ဖြစ်တဲ့အတွက် အရိပ်မရှိလို့ အပူဒဏ်ကို ပိုပြီးခံစားကြရလို့ နေ့လယ်နေ့ခင်း အပူချိန်ပြင်းတဲ့ အချိန်တွေမှာ သစ်ပင်ရိပ်တွေဆီကို သွားရောက်ပြီး နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
နေပူထဲမှာ သွားလာနေကြရတဲ့သူတွေမှာလည်း အသက်အရွယ်စုံ အပူရှပ် ဖျားနာတာတွေ ရှိနေပြီး စနစ်တကျ ဆေးဝါးကုသမှု မခံယူရတာကြောင့် ရက်ရှည်ဖျားနာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီလို ဖျားနာချိန်မှာလည်း ထိုးဆေးကို ၁၀ ကြိမ်ဝန်းကျင်ထိုးမှ ပျောက်ကင်းတာရှိသလို နေကောင်းပြီးသွားရင်လည်း နောက်တကြိမ် ထပ်ပြီး ဖျားနာသူတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။
ချောင်းဦးမြို့နယ်က စစ်ဘေးရှောင်တယောက်က “ဖျားတဲ့သူတွေမှာဆိုရင် ပထမ သူတို့ နုံးလာတယ်၊ မလှုပ်ချင် မကိုင်ချင် ညောင်းညာကိုက်ခဲတာတွေ အဲ့လိုဖြစ်လာတဲ့ အနေအထားမှာဆိုရင်တော့ ကြိုတင်ပြီးတော့ ဆေးတွေ ၉ လုံးကနေ ၁၀ လုံး ထိုးရင်တော့ ပျောက်တဲ့အနေအထားမျိုးတွေတော့ ဖြစ်တယ်ပေါ့နော်။ ပျောက်ပြီဆိုရင်လည်း ထိုင်းတိုင်းမှိုင်းတိုင်းဖြစ်ပြီးတော့ ကုပ်ဆက်တွေ လေးသလို ဖြစ်ပြီးတော့ ပင်ပန်းနေတဲ့ အနေအထားမျိုး ခံစားရတယ်လို့လည်း သိရှိထားတယ်” လို့ ပြောပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအပြင် ဆေးဝါးကုသဖို့ အတွက်ပါ ကုန်ကျစရိတ်တွေ များလာတယ်လို့ ဆိုပါတယ်။
တချို့ စစ်ဘေးရှောင်စခန်းတွေမှာတော့ သတင်းအချက်အလက် စီးဆင်းမှု အားနည်းတာကြောင့် အယ်လ်နီညို ဖြစ်လာမဲ့ သတင်းကို မသိရှိသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးသင့်ဒေသတွေမှာတော့ အယ်လ်နီညိုနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု အားနည်းနေတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ အနေနဲ့ ပြည်သူကို သေချာသတင်းအချက်အလက်ပေးပြီး အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက အကြံပေးပါတယ်။
သီရိ











