
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံတဝန်းမှာ လျှပ်စစ်မီးတွေ ဆိုးဆိုးဝါးဝါး ပြတ်တောက်နေပေမဲ့ ပြည်သူတွေ ပေးဆောင်ရတဲ့ မီတာခတွေကတော့ တစတစ ပိုမိုမြင့်တက်လာပါတယ်။
စစ်အာဏာရှင် လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့မှာ ၈ နာရီမီးပျက် ၄ နာရီမီးလာစနစ်နဲ့ မီးပေးနေတယ်လို့ ဆိုထားပေမဲ့ လက်တွေ့မြေပြင်မှာတော့ တနေ့ကို ၅ ကြိမ်ထက်မနည်း မီးပြတ်နေတာကို ကြုံနေရတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
အခုလို မီးပျက်မှုတွေ ကြုံနေရပေမဲ့ လျှပ်စစ်မီတာခတွေကတော့ ၂ ဆနီးပါးကို တက်လာနေတယ်လို့ ရန်ကုန်မြို့ခံအမျိုးသမီးတယောက်က ပြောပါတယ်။
“ရေတင်တာ၊ ထမင်းချက်တာ၊ အဲကွန်းတို့၊ ပန်ကာတို့ အဲဒီလောက်ပါပဲ သုံးတာက။ အဲကွန်းတို့ ပန်ကာတို့ ဆိုတာကလည်း နေ့လယ်ကျရင် မသုံးဘူးလေ။ ညခဏလေး အိပ်တဲ့အချိန်ပဲ သုံးတာ။ မီးတော့ပျက်နေပေမဲ့ မီတာခတွေကတော့ တက်နေတယ်။ သူတို့မှာ ဘယ်လိုလုပ်လဲတော့ မသိဘူး။ အစ်မတို့ဆိုလို့ရှိရင် မီတာ လာဖြတ်တာလည်း မတွေ့ဘူးလေ။ အဲဒီစာရွက်ရောက်မှ တခါ တွေ့တာပေါ့နော်။ ဒါပေမဲ့ မီတာခကျတော့ ကျပ် တသိန်းကျော် ပေးရတယ်။ ယူနစ်တွေက တအား တက်နေတယ်။ မီတာခပဲ အများကြီး ပေးနေရတယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူးနော်။ အရင်လကလည်း ဒီအတိုင်း သုံးနေတာပဲ ကျပ် ၅၀,၀၀၀ ကျော်ပဲ ပေးရတယ်လေ။ ခုတော့ မီတာခက မတရားတက်နေတယ်။ အစ်မတို့က မှားများမှားနေလား ဘာဖြစ်လို့လဲ ဆိုပြီးတော့ ရုံးတွေဘာတွေ သွားပြောလို့ရှိရင် သူတို့က လာစစ်ပေးပါမယ် ဆိုပြီး လာစစ်လိုက်လို့ရှိရင်လည်း ပုံမှန်ပဲ ဘာမှမထူးဘူးပေါ့နော်။"
လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကတော့ အိမ်သုံးမီတာအတွက် ယူနစ် ၅၀ အောက်ဆိုရင် ၅၀ ကျပ်၊ ယူနစ် ၂၀၁ ကျော်ရင် ၃၀၀ ကျပ်အထိ သတ်မှတ်ထားပြီး အိမ်သုံးမဟုတ်တဲ့ လျှပ်စစ်မီတာခတွေအတွက်ခည်း ၅,၀၀၀ ယူနစ်အောက်ဆိုရင် ၂၅၀ ကျပ် နဲ့ ၂၀,၀၀၁ ယူနစ်အထက်ကို ကျပ် ၅၀၀ အထိ ကောက်ခံမယ်လို့ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် တဖက်မှာလည်း လျှပ်စစ်မီတာခ တွက်ချက်ရာမှာလည်း ဒစ်ဂျစ်တယ်မီတာစနစ်လို့ဆိုကာ အိမ်တိုင်ရာရောက် မီတာလာမဖတ်တော့ဘဲ ရုံးကနေ ယူနစ်တွေကို ခန့်မှန်းတွက်ချက်ပြီး ငွေတောင်းခံမှုတွေလည်း ရှိနေပါတယ်။
ဒါကြောင့် မီတာပုံးပေါ်က ယူနစ်တွေနဲ့ ပြေစာမှာပါရှိတဲ့ ယူနစ်တွေ ကွဲလွဲမှုရှိနေပြီး တိကျမှန်ကန်မှု မရှိသလို စုပုံပြီး ငွေတောင်းခံတာတွေ ပိုများလာနေတဲ့ အခြေအနေကို မုံရွာမြို့ခံ အမျိုးသမီးတယောက်က ရင်ဖွင့်ပါတယ်။
“သူတို့အစ်မတို့ အိမ်ကို လာဖတ်လို့ မရဘူးတဲ့၊ အဲဒီတော့ ယူနစ်တွေကို မှန်းထည့်တယ်တဲ့၊ အဲဒီတော့ ယူနစ် အကြွေးတွေ တင်လာပြီလေ၊ အကြွေးတွေတင်တော့ တယူနစ်ကို ၃၀၀ နဲ့ မြှောက်တယ်တဲ့၊ အခုလိုမျိုး အကြွေးတွေ တင်နေတယ်ဆိုတာ တစက်မှကို မသိခဲ့ဘူး။ နှလုံးရောဂါရှိတဲ့သူတွေရှိရင် သူတို့မိဘတွေကို မပြောရဲဘူး၊ ပြောလိုက်ရင် ရောဂါပိုဆိုးသွားမှာစိုးလို့လေ။ လကုန်ရင် ကလေးရဲ့ ကျူရှင်လခ၊ ကျောင်းဖိုးတွေနဲ့ တခြားကုန်ကျစရိတ်တွေကို အမြဲတမ်း လျာထားတာလေ၊ သူတို့ကို ပေးရမယ်လို့ တွေးကိုမတွေးဖူးဘူး။ ဒါကြောင့် သူတို့ရဲ့ပျက်ကွက်မှုက တော်တော်ကိုဆိုးတယ်။ လူတိုင်းအပေါ်မှာပေါ့လေ။”
စစ်အာဏာရှင် လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနဘက်ကလည်း လျှပ်စစ်ခ ကြွေးကျန်တွေကို ရာနှုန်းပြည့် ကောက်ခံဖို့ ညွှန်ကြားထားပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်အားခ ကျပ်သန်းပေါင်း ၄၄,၀၀၀ ကျော် ရရှိဖို့ မျှော်မှန်းထားပါတယ်။
စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံအနှံ့ လျှပ်စစ်မီးမှန်မှန်မရရှိတဲ့အပြင် မီတာခတွေ တိုးမြှင့်ကောက်ခံမှုကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေဟာ ပိုမိုကျပ်တည်းလာနေပြီး ဘဝရပ်တည်ရေးအတွက်ပါ ရုန်းကန်နေရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။










