DVB Logo
Home
နိုင်ငံတကာ
အီရန်အပေါ် အမေရိကန်တိုက်ခိုက်မှုအသစ် လိုအပ်၍လုပ်ခြင်းဖြစ်ဟု NATO အကြီးအကဲပြော
DVB
·
July 8, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်က အီရန်အပေါ် အသစ်ထပ်မံတိုက်ခိုက်ခဲ့တာဟာ လုံးဝကို လိုအပ်တဲ့ လုပ်ရပ်တခု ဖြစ်ကြောင်း NATO အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေက ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။

တူရကီနိုင်ငံ၊ အန်ကာရာမြို့မှာ ပြုလုပ်မဲ့ NATO ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ မာ့ခ်ရူတေက ပြောသွားတာပါ‌။

အပစ်အခတ်ရပ်စဲရေး လုပ်ထားချိန်မှာ အီရန်ဘက်က အပစ်ရပ်စဲရေးကို ချိုးဖောက်ပြီး မနေ့က သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်ဘက်က အင်အားသုံးပြီး ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ လုံးဝလိုအပ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ထိပ်သီးအစည်းအဝေးမှာ NATO မဟာမိတ်တွေအနေနဲ့ အီရန်အရေးကို ဆွေးနွေးကြဖို့ရှိပြီး အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် လုံးဝမရှိစေရ ဆိုတာကို ထပ်လောင်း အတည်ပြုကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ ဒါ့အပြင် ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်ရေးနဲ့ ရေကြောင်းလွတ်လပ်ခွင့်ဟာ NATO မဟာမိတ် ၃၂ နိုင်ငံစလုံးအတွက် မရှိမဖြစ် အရေးကြီးကြောင်းလည်း သူက ပြောပါတယ်။

တဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သူ့ရဲ့ ပထမသက်တမ်းနဲ့ ဒုတိယသက်တမ်းအတွင်း NATO အဖွဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပြီး အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲအတွင်း မဟာမိတ်အဖွဲ့အပေါ် "အလွန်စိတ်ပျက်မိကြောင်း" နဲ့ အမေရိကန်ဟာ ကောင်းကောင်းမွန်မွန် ဆက်ဆံမခံရဘူးလို့ ပြောဆိုထားဖူးပါတယ်။

ဒီအပေါ် မာ့ခ်ရူတေက အီရန်အရေးနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က စိတ်ပျက်စရာတချို့ ရှိခဲ့တာကို သိရှိကြောင်း၊ ဒါဟာ သီးခြားဖြစ်ရပ်တချို့ကြောင့် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်‌။

လက်ရှိမှာ ဥရောပနိုင်ငံတွေအနေနဲ့ စစ်အခြေစိုက်စခန်းတွေကနေ လေကြောင်းပျံသန်းမှု ၅,၀၀၀ နီးပါးအထိ ပြုလုပ်ပေးပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက်တွေကို အကောင်အထည်ဖော်ကာ အမေရိကန်အတွက် စစ်အင်အားပြသရာ အဓိကပလက်ဖောင်းကြီးတခုအဖြစ် ဆောင်ရွက်ပေးနေတယ်လို့ ရှင်းလင်းခဲ့ပါတယ်။

ဒါ့အပြင် အသုံးစရိတ်နဲ့ ပတ်သက်လို့လည်း ထရမ့်ပ်ရဲ့ ပြင်းပြင်းထန်ထန် တွန်းအားပေးမှုကြောင့် ဥရောပဟာ လက်ရှိမှာ အမေရိကန်နဲ့ ရင်ပေါင်တန်းနိုင်အောင် စစ်သုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲနေပြီဖြစ်ကြောင်း၊ ဥရောပဘက်ခြမ်းမှာ ရုရှားရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာကလည်း စစ်သုံးစရိတ်တိုးဖို့ တွန်းအားဖြစ်စေပြီး ဒါဟာ အမေရိကန်သမ္မတအတွက် အောင်ပွဲတခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမေရိကန်နိုင်ငံ လုံခြုံစိတ်ချရဖို့အတွက် အတ္တလန္တိတ်သမုဒ္ဒရာ၊ ဥရောပနဲ့ အာတိတ်ဒေသတွေကို လုံခြုံအောင် ကာကွယ်ထားဖို့ လိုအပ်သလို ရုရှားရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေ အမေရိကန်ကမ်းခြေအထိ ရောက်မလာအောင် တားဆီးဖို့ NATO ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက်ပါ ရှိနေတာဖြစ်လို့ အမေရိကန်အနေနဲ့ NATO အဖွဲ့အပေါ် လုံးဝသံယောဇဉ်ရှိပြီး ကတိကဝတ် ပြုထားဆဲဖြစ်ကြောင်း၊ ဒါပေမဲ့လည်း ဥရောပနဲ့ ကနေဒါတို့ဘက်က အမေရိကန်နဲ့ တန်းတူ စစ်စရိတ် မျှဝေသုံးစွဲဖို့ မျှော်လင့်ချက်ရှိနေပြီး ဒါဟာလည်း တရားမျှတတဲ့ တောင်းဆိုမှုဖြစ်ကြောင်း ရူတေက ဆိုပါတယ်။

ဂရင်းလန်းအရေးနဲ့ ပတ်သက်ပြီးတော့လည်း ဒိန်းမတ်၊ ဂရင်းလန်းတို့နဲ့အတူ လုပ်ငန်းစဉ်ကောင်းတခု ရှိနေပြီဖြစ်ကြောင်း၊ တရုတ်နဲ့ ရုရှားတို့ဟာ အာတိတ်ဒေသကို ချဉ်းကပ် ဝင်ရောက်လာနေတာကြောင့် ဒါကို တားဆီးနိုင်ဖို့ ဒါဗို့စ်မှာ သဘောတူညီခဲ့ကြတဲ့အတိုင်း မဟာမိတ်အဖွဲ့အနေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ အလွန်အရေးကြီးကြောင်း NATO အကြီးအကဲက ပြောကြားသွားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013