DVB Logo
Home
မြန်မာသတင်း
မြန်မာအိမ်ထောင်စု ၂၀ ရာခိုင်နှုန်းကျော် ဖယောင်းတိုင်မီး အသုံးပြုနေရ
DVB
·
May 29, 2015
မြန်မာအိမ်ထောင်စု ၂၀ ရာခိုင်နှုန်းကျော် ဖယောင်းတိုင်မီး အသုံးပြုနေရ
Donate to DVB

မြန်မာနိုင်ငံရှိ အိမ်ထောင်စု ၅ ပုံ ၁ ပုံဟာ  အလင်းရောင်အတွက် ဖယောင်းတိုင်မီးကို အသုံးပြုနေရတယ်လို့ မေလ ၂၉ ရက်နေ့ ထုတ်ပြန်တဲ့ ၂၀၁၄ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းမှာ ဖော်ပြပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကနေ ရခဲ့တဲ့ အချက်အလက်တွေအရ မြန်မာပြည်ရှိ အိမ်ထောင်စုအားလုံးရဲ့ ၃၂ ဒသမ ၄ ရာခိုင်နှုန်းဟာ အလင်းရောင်အတွက် လျှပ်စစ်မီးကို အသုံးပြုနေရပြီး ၂၀ ဒသမ ၇ ရာခိုင်နှုန်းဟာ ဖယောင်းတိုင်မီး သုံးနေရတယ်လို့ ဖြေဆိုခဲ့ကြတာပါ။

ဒါ့အပြင် ရေနံဆီမီး၊ ဘက်ထရီမီး၊  ပုဂ္ဂလိက မီးစက်၊  ပုဂ္ဂလိက ရေအားလျပ်စစ်၊ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြား စတာတွေ အလင်းရောင်အတွက် အသုံးပြုကြတယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီးကို အဓိက အသုံးပြုတဲ့နေရာမှာ ကျေးလက်နဲ့ မြို့ပြကွာဟချက် ကြီးမားပြီး မြို့ပြဒေသမှာ  လျှပ်စစ်မီးကို အဓိကသုံးစွဲတာဖြစ်ပါတယ်။ မြို့ပြဒေသမှာ ၇၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ကျေးလက်ဒေသမှာ ၁၄ ဒသမ ၉ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

အစားအစာချက်ပြုတ်ဖို့အတွက် သစ်သားထင်းသုံးစွဲသူက အိမ်ထောင်စုအားလုံးရဲ့ တ၀က်ကျော် ၆၉ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးဖြစ်ပြီး လျှပ်စစ်မီးက ၁၆ ဒသမ ၄ ရာခိုင်နှုန်း၊  မီးသွေးလောင်စာတောင့်က ၁၁ ရာခိုင်နှုန်းကျော်နဲ့ ကျောက်မီးသွေး၊ ဓာတ်ငွေ့၊ ရေနံဆီမီး၊ ဘိုင်အိုဂက်စ် စတာတွေ အသုံးပြုကြတယ်လို့ စစ်တမ်းအရ သိရပါတယ်။

မြန်မာနိုင်ငံရှိ အိမ်ထောင်စု ၅ စုမှာ ၄ စုဟာ အိမ်ပိုင်ဆိုင်ကြကာ  နေအိမ်အများစုမှာ ၀ါးထရံကာအိမ်တွေဖြစ်ကြပြီး အိမ်သာလုံးဝမရှိတဲ့ အိမ်ထောင်စုပေါင်း ၁၄ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးပစ္စည်း သုံးစွဲနိုင်မှု အခြေအနေနဲ့ ပတ်သက်လို့တော့ လက်ကိုင်ဖုန်း သုံးစွဲသူ ၃၃ ရာခိုင်နှုန်းကျော်၊ ကြိုးဖုန်းသုံးသူ ၄ ဒသမ ၈ ရာခိုင်နှုန်း၊ အိမ်မှာ အင်တာနက်တပ်ဆင်သူ ၆ ဒသမ၂ ရာခိုင်နှုန်း၊ ကွန်ပျူတာသုံးသူ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ရုပ်မြင်သံကြားရှိသူ ၄၉ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ရေဒီယိုသုံးစွဲသူ ၃၅ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ဘာပစ္စည်းမျှမရှိသူ ၃၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။

သယ်ယူပို့ဆောင်ရေးယာဉ် သုံးစွဲနိုင်မှု အခြေအနေမှာတော့ ကားရှိသူ ၃ ရာခိုင်နှုန်းကျော်၊ ဆိုင်ကယ်ရှိသူ ၃၈ ရာခိုင်နှုန်းကျော်၊ စက်ဘီးရှိသူ ၃၅ ရာခိုင်နှုန်းကျော်၊ ထော်လာဂျီ ၂ ဒသမ ၅ ရာခိုင်နှုန်း၊ လှေသမ္ဗာန်ရှိသူ ၃ ဒသမ ၉ ရာခိုင်နှုန်း၊ စက်လှေ မော်တော်ရှိသူ ၂ ဒသမ ၂ ရာခိုင်နှုန်းနဲ့ လှည်းရှိသူ ၂၁ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။

ဒီအစီရင်ခံစာဟာ ပြီးခဲ့တဲ့ ၂၀၁၄ မတ်လ ၂၉ ရက်ကနေ ဧပြီလ ၁၀ ရက်နေ့ထိ နိုင်ငံတ၀န်းမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွေ ကောက်ယူရာမှာ ရခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013