
ရန်ကုန်တိုင်းရှိ စက်မှုဇုန်တွေကို ည ၁၁ နာရီကနေ နောက်တနေ့ မနက် ၅ နာရီအတွင်း လျှပ်စစ်ဓာတ်အားခ မူလ ကျပ် ၉၀၀ နှုန်းထားကနေ ကျပ် ၆၀၀ နှုန်းသို့ လျှော့ချ ကောက်ခံသွားမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုးရာသီကာလမှာ ရေဝင်ရောက်မှု ကောင်းမွန်ပြီး ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံတွေကနေ အပြည့်အဝ ဓာတ်အားထုတ်လုပ်ပေးနိုင်ပေမဲ့ မဟာဓာတ်အားလိုင်းတွေရဲ့ ပို့လွှတ်နိုင်စွမ်း ကန့်သတ်ချက်တွေ ရှိနေတာကြောင့် နေ့အချိန်ပိုင်းမှာ အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ညဉ့်နက်ပိုင်းမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ လွန်စွာလျော့နည်းသွားတာကြောင့် ဓာတ်အားပေးစက်ရုံတွေရဲ့ ထုတ်လုပ်မှုကို လျှော့ချမောင်းနှင်ပေးရတာ ဖြစ်ပါတယ်။
မိုးရာသီမှာ ရေစွမ်းအင်တွေ ပြုန်းတီးနေတဲ့အပြင် ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ တမံကြီးတွေကလည်း ရေလျှံနေတာကြောင့် နေ့ခင်းပိုင်းအချိန်တွေမှာ စက်မှုဇုန်တွေကို ဝန်အား လျှော့ချသွားမှာလို့ သိရပါတယ်။
ဒါကြောင့် စက်မှုဇုန်တွေကို နေ့စဉ်ညပိုင်း ၁၁ နာရီကနေ နောက်တနေ့ မနက် ၅ နာရီအထိ မီးပေးထားမှာဖြစ်ပြီး ဒီအချိန်အတွင်း တယူနစ်လျှင် ကျပ် ၆၀၀ ကျပ်နှုန်းသို့ လျှော့ချပြီး ကောက်ခံသွားမယ်လို့ သိရပါတယ်။
အထည်ချုပ်စက်ရုံဝန်ထမ်းတယောက်က “မီးက နေ့ခင်းပိုင်းတွေ တော်တော်ပြတ်လာတယ်။ ညဆိုလည်း ပြတ်တယ်။ ပြောရရင် ပြီးခဲ့တဲ့လကတည်းက ခပ်စိပ်စိပ်ပြတ်လာတယ်။ ဒီရက်ပိုင်းတွေကျတော့ ပိုဆိုးလာတယ် မီးပြတ်တာက။ မီးစက်တွေနဲ့ မောင်းနေရတာ။ မီးစက်ဆီတွေကပါ ဝယ်ရတာ အခက်အခဲဖြစ်လာတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လကစပြီး သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေကနေ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေကို ၂၄ နာရီ လျှပ်စစ်ဓာတ်အား တိုက်ရိုက်ပေးနေတာကြောင့် မီတာခ တယူနစ်ကို ကျပ် ၉၀၀ အထိပြောင်းလဲ ကောက်ခံခဲ့တာဖြစ်ပါတယ်။
အလားတူ အိမ်သုံးလျှပ်စစ်မီးကို Group A ၊ Group B နဲ့ ပြန်ပေးနေပြီး တရက်လျှင် လျှပ်စစ်မီး ၈ နာရီပဲရတော့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
လျှပ်စစ်မီးမမှန်တာတွေကြောင့် ပြည်တွင်းစက်မှုလုပ်ငန်းတွေ ထိခိုက်သလို ရေစက်တွေ အချိန်ပြည့် မောင်းနှင်နိုင်ခြင်း မရှိတာကြောင့် ရေပြတ်လပ်မှုကိုပါ ကြုံတွေ့နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။











