
မှော်ဘီက သံရည်ကျိုလုပ်ငန်းတခုဟာ မီတာခိုးထားတာကြောင့် လျော်ကြေး ကျပ်သန်းပေါင်း ၁၇,၀၀၀ ကျော် ပေးဆောင်စေပြီး စက်ရုံကိုလည်း ချက်ချင်းပိတ်သိမ်းခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ သတင်းတွေမှာ စက်တင်ဘာ ၇ ရက်က ဖော်ပြပါတယ်။
စစ်အာဏာရှင်အစိုးရ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဟာ Control Center တွေကနေ စောင့်ကြည့်စစ်ဆေးနေပြီး စက်တင်ဘာ ၃ ရက်က မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ အကွက်အမှတ် (၃၂/၃၇)က SKY MAN သံရည်ကျိုလုပ်ငန်းမှာသုံးနေတဲ့ မီတာမှာ Alarm ပေါ်နေတာကြောင့် ကွင်းဆင်းစစ်ဆေးပြီး မီတာကိုဖြုတ်ပြီးနောက် Test Lab ဌာနကို ပေးပို့စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မီတာကို ပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲထားတာကို တွေ့ရတာကြောင့် စက်ရုံကို ချက်ချင်းပိတ်သိမ်းခဲ့ပြီး နစ်နာဆုံးရှုံးခဲ့ရတဲ့ လျှပ်စစ်ဓာတ်အားယူနစ် ၂၃ ဒသမ ၃၆ သန်းအတွက် ကျသင့်လျော်ကြေးငွေကျပ်သန်း ၁၇,၁၈၄ ကို ပြန်လည်ပေးသွင်းစေရေးနဲ့ မှော်ဘီမြို့မရဲစခန်းမှာ လျှပ်စစ်ဥပဒေနဲ့ အမှုဖွင့်ဖို့လုပ်နေတယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ်၊ သြဂုတ်လအတွင်း တရားမဝင်လျှပ်စစ်ဓာတ်အားရယူသုံးစွဲတာတွေကို စစ်အာဏာရှင်အစိုးရ ဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ စစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးဖော်ထုတ်ခဲ့တာမှာ နေပြည်တော်မှာ ၇ ယောက်၊ ရန်ကုန်တိုင်းမှာ ၁၂ ယောက်၊ မန္တလေးတိုင်းမှာ ၂၁ ယောက်၊ မကွေးတိုင်းမှာ ၁၇ ယောက်၊ ဧရာဝတီတိုင်းမှာ ၃၂ ယောက်၊ ကချင်ပြည်နယ်မှာ ၁ ယောက်၊ မွန်ပြည်နယ်မှာ ၂ ယောက်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၃ ယောက်၊ စုစုပေါင်း ၉၅ ယောက်ကို ဖော်ထုတ်ရရှိခဲ့ပြီး မီတာဖြုတ်သိမ်းတာ၊ လျော်ကြေးငွေ အပြည့်အဝတောင်းခံတာ၊ တချို့ကိုတော့ အမှုဖွင့် တရားစွဲခဲ့တယ်လို့ ဆိုပါတယ်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူတွေအနေနဲ့ မသမာတဲ့နည်းတွေသုံးပြီး တရားမဝင်ဓာတ်အား ရယူထားပါက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်အသိပေးကြဖို့နဲ့ အဲဒီလို အသိပေးလာရင် ဖြေလျှော့ပေးမယ်လို့ ကြေညာထားခဲ့ပြီး ဆက်သွယ် အသိပေးလာသူတွေကိုလည်း ဖြေလျှော့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။











